ကြည်နူးဆွတ်ပျံ့ဖွယ်ကောင်းတဲ့ ဒီဇင်ဘာလလေးကို ရောက်ရှိလာတဲ့အခါမှာ အားလုံးမျှော်လင့်စောင့်စားနေတဲ့ ခရစ္စမတ်ရာသီလေးကို မိမိစိတ်ကြိုက်ပုံဖော်ဖန်တီးနိုင်ပြီပဲဖြစ်ပါတယ်။ နှစ်စဉ်ခရစ္စမတ်ရာသီရောက်တဲ့အခါ ခရစ္စမတ်နဲ့သက်ဆိုင်တဲ့ အချစ်သီချင်းများ၊ ခရစ္စမတ်အငွေ့အသက်တွေ လွှမ်းခြုံနေတဲ့ ရုပ်ရှင်ဇာတ်ကားအသစ်များ ထွက်ရှိလေ့ရှိပါတယ်။

သင့်အနေနဲ့ ခရစ္စမတ်အားလပ်ရက်မှာ ခရစ္စမတ်အငွေ့အသက်များ ပါဝင်နေတဲ့ ရုပ်ရှင်ဇာတ်ကားများကြည့်ရင်း စိတ်အပန်းဖြေချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဇာတ်ကားများကို ကြည့်ရှုခံစားနိုင်ပါတယ်။

Love Hard

အွန်လိုင်းပေါ်မှာ တွေ့တဲ့ ကောင်လေးရဲ့အိမ်ကို အလည်သွားတဲ့ ကောင်မလေးအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ကောင်လေးအိမ်ကို ရောက်သွားတဲ့အခါ ကောင်လေးရဲ့ ပုံအစစ်အမှန်ကို တွေ့သွားတဲ့အခါ ထိုကောင်မလေး ဘယ်လိုတုန့်ပြန်မလဲ။ သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းကရော ဘယ်လိုဖြစ်သွားမလဲဆိုတာကို Love Hard ကို ကြည့်ရှုခံစားရင်း အဖြေရှာကြည့်လိုက်ပါ။

Next Stop, Christmas

သင်သည် Polar Express နဲ့ Back To The Future လို ဇာတ်ကားမျိုး ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကိုလည်း ကြိုက်နှစ်သက်မှာ အမှန်ပါပဲ။ ကိုယ့်ရဲ့လက်ရှိဘဝကို မကျေနပ်နိုင်တဲ့ အမျိုးသမီးတစ်ယောက် လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်ကို အချိန်ခရီးသွားတဲ့အခါ ဘယ်လိုအပြောင်းအလဲမျိုး ကြုံတွေ့ရမလဲဆိုတာကို စိတ်ကူးယဉ်ဆန်ဆန်တွေ့မြင်ရမှာပါ။

Father Christmas Is Back

ညီအစ်မလေးဖော်သည် ခရစ်စမတ်အချိန်မှာ Yorkshire ရှိ နေအိမ်ကြီးထဲတွင် အတူတကွဆုံစည်းကြပါတယ်။ ခရစ်စမတ်ညစာစားပွဲမှာ ကာလအတော်တန်ကြာအောင် ပျောက်ဆုံးနေတဲ့ သူတို့ရဲ့အဖေနဲ့ ပြန်လည်တွေ့ဆုံတဲ့အခါမှာတော့ သူတို့မသိထားတဲ့ မိသားစုလျှို့ဝှက်ချက်ကြီးတစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။ ထိုလျှို့ဝှက်ချက်က ဘာများဖြစ်မလဲဆိုတာကိုတော့ Father Christmas Is Back ဆိုတဲ့ ရုပ်ရှင်ထဲမှာပဲ အဖြေရှာကြည့်လိုက်ပါ။

Source: Trailer Party

Home Sweet Home Alone

သင်သည် Home Alone ဇာတ်ကားတွေကို နှစ်သက်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကိုလည်း နှစ်သက်မှာပါ။ ကလေးတစ်ယောက်တည်း ကျန်ခဲ့တဲ့အိမ်မှာ သူ့အိမ်ထဲကို လင်မယားနှစ်ယောက်က ခိုးဝင်ဖို့ ကြိုးစားကြပါတယ်။ ဘာ့ကြောင့် ခိုးဝင်ဖို့ ကြိုးစားသလဲဆိုတာကို သိချင်ရင်တော့ ဇာတ်ကားလေးကိုပဲ ကြည့်ရှုရင်း အဖြေရှာလိုက်ပါ။

The Princess Switch 3: Romancing The Star

တော်ဝင်အမွေအနှစ်တစ်ခုဖြစ်တဲ့ ကြယ်ရုပ်ထုကို အခိုးခံရတဲ့အခါ ရုပ်ချင်းဆင်တဲ့ ဝမ်းကွဲညီအစ်မသုံးယောက်သည် ထိုကြယ်ကို ဘယ်လိုပြန်အရယူဖို့ ကြိုးစားမလဲဆိုတာကို တွေ့မြင်ရမှာပါ။ ဒီထဲမှာတော့ Vanessa Hudgens ကို သုံးကိုယ်ခွဲအဖြစ် မြင်ရမှာပါ။

A Boy Called Christmas

Nikolas လို့ အမည်ရတဲ့ ကောင်လေးသည် သူ့အဖေကို ရှာဖို့ရန်အတွက် ခရီးထွက်လို့လာခဲ့ပါတယ်။ လမ်းခရီးမှာ နတ်သူငယ်တွေရဲ့ရွာထဲ ဝင်ရောက်မိသွားပြီး ဘယ်လိုအခက်အခဲအတားအဆီးမျိုး ကြုံရမလဲ။ သူ ရှာဖွေနေတဲ့အရာကိုရော အဖြေရှာတွေ့ပါ့မလားဆိုတာကို A Boy Called Christmas မှာ ကြည့်ရှုခံစားနိုင်ပါပြီ။

Source: Craveyoutv.com