Stay At Home ကာလလည်းရက်ရှည်လာပြီဆိုတော့ အိမ်မှာနေရင်း ဝိတ်တွေတက်နေကြလောက်ပြီထင်ပါတယ်။ ဝမှလှတယ်ဆိုတဲ့ ဆိုရိုးစကားရှိပေမယ့်လည်း ရှိသင့်တဲ့ကိုယ်အလေးချိန်ထက်ပိုလွန်းနေရင် အဝလွန်ခြင်းနှင့်ဆိုင်တဲ့ ရောဂါတွေကပ်လာနိုင်ပါတယ်။ ဒါကြောင့်ဒီနေ့မှာတော့ လူတိုင်းလုပ်လို့ရမယ့် ကယ်လိုရီများများလောင်ကျွမ်းစေတဲ့ လေ့ကျင့်ခန်းတွေကိုဖော်ပြပေးလိုက်ပါတယ်။
(၁) လမ်းလျောက်ခြင်း
Source : Shutterstock
လမ်းလျောက်ခြင်းက ကိုယ်အလေးချိန်ကျစေဖို့ အထိရောက်ဆုံးလေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ လမ်းလျောက်လေ့ကျင့်ခန်းအတွက် တခြားသောပစ္စည်းကိရိယာတွေဘာတစ်ခုမှမဝယ်ရပဲ နေရာမရွေးပြုလုပ်လို့ရပါတယ်။ မိနစ် (၃၀) ခန့်လမ်းလျောက်ခြင်းဖြင့် ကယ်လိုရီစုစုပေါင်း (၁၆၇) လောင်ကျွမ်းစေပါတယ်။ ဒါကြောင့် လမ်းလျောက်လေ့ကျင့်ခန်းစလုပ်မယ့်သူတွေအနေနဲ့ တပတ်ကို ၄ ရက်နှင့် တစ်ရက်ကို မိနစ် (၃၀) လမ်းလျောက်လေ့ကျင့်ခန်းကိုစတင်နိုင်ပါတယ်။
(၂) ကခြင်း
Source : Mostphotos
အကဝါသနာပါတဲ့သူတွေအတွက်တော့ သတင်းကောင်းပါပဲ။ အကလေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်က အဆီပိုတွေကိုလောင်ကျွမ်းမှုနှုန်းများစေပြီး ကိုယ်အလေးချိန်လျော့ချချင်သူတွေအတွက် ထိရောက်တဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်ကိုလည်း ကျစ်လျစ်သွယ်လျစေတဲ့အပြင် သက်လုံလည်းပိုကောင်းလာစေတဲ့ အကောင်းဆုံး စိတ်အပန်းဖြေနည်းတစ်မျိုးလည်းဖြစ်ပါတယ်။ အချိန်နေရာမရွေး You Tube ကနေ ဗီဒီယိုလေးတွေကြည့်ပြီးကနိုင်သလို အိမ်မှာနေရင်း ကိုယ့်ရဲ့အခန်းထဲမှာတင် ပြုလုပ်လို့ရနိုင်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။
(၃) ဘောက်ဆင်ကစားခြင်း
Source : Freepik
ဘောက်ဆင် (သို့) လက်ဝှေ့လေ့ကျင့်ခန်းက သင့်ရဲ့ခန္ဓာကိုယ်ကိုအရင်ကထက် ပိုမိုကြံ့ခိုင်လာစေဖို့ ကူညီပေးပြီး ကိုယ်အလေးချိန်လျော့ကျခြင်းအတွက်လည်း ထိရောက်တဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ လေ့လာမှုတွေအရ လက်ဝှေ့လေ့ကျင့်ခန်ဟာ ကိုယ်အလေးချိန်ကိုမြန်မြန်လျော့ကျစေတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်တဲ့အပြင် ကြွက်သားများသန်မာခြင်း နှလုံးကျန်းမာရေးကောင်းမွန်ခြင်း အမောခံနိုင်ခြင်းစတဲ့ကျန်းမာရေးကောင်းကျိုးတွေကိုလည်း ရစေတယ်လို့ဆိုပါတယ်။ အခုလို ဘယ်ကနေဘယ်လို အန္တရာယ်တွေရောက်လာနိုင်မလဲ မသိတဲ့ခေတ်ကြီးထဲမှာ ကိုယ့်ကိုယ်ကို ခုခံကာကွယ်နိုင်တဲ့ ကိုယ်လုံပညာရပ်တစ်မျိုးအဖြစ်လည်း တက်မြောက်ထားရင်အမှားမရှိနိုင်ပါဘူး။
(၄) ဝိတ်မခြင်း
Source : Showbiz Cheat Sheet
ဝိတ်မခြင်းကတော့ လူကြိုက်များတဲ့ ကိုယ်အလေးချိန်လျော့ချတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဝိတ်မခြင်းက ခန္ဓာကိုယ်ကအဆီတွေကို လောင်ကျွမ်းစေပြီး အဆီနေရာမှာကြွက်သားများပြန်လည်အစားထိုးပေးတာကြောင့် ခန္ဓာကိုယ်တောင့်တင်းကြံ့ခိုင်စေတဲ့ အကောင်းဆုံးလေ့ကျင့်ခန်းဖြစ်ပါတယ်။ ဒါ့ထက်ပိုပြီးလူကြိုက်များစေတဲ့အချက်က တခြားသောလေ့ကျင့်ခန်းတွေထက်စာရင် ဝိတ်မတဲ့လေ့ကျင့်ခန်းက ခန္ဓာကိုယ်ကိုဇီဝဖြစ်စဉ်ကိုတိုးတက်ကောင်းမွန်စေရုံသာမက လေ့ကျင့်ခန်းလုပ်ပြီးနောက်ထပ်နာရီများစွာတိုင်ကယ်လိုရီဆက်လက်လောင်ကျွမ်းနေစေတာဖြစ်ပါတယ်။
ကိုယ်အလေးချိန်လျော့ချတော့မယ်ဆိုရင် ဘယ်လိုလေ့ကျင့်ခန်းမျိုးပဲလုပ်လုပ် လေ့ကျင့်ခန်းတစ်ခုတည်းနဲ့တော့ လုံလောက်မှာမဟုတ်ပါဘူး။ အဓိကအားဖြင့်လေ့ကျင့်ခန်းနဲ့အတူ လူနေမှုပုံစံကိုပါပြောင်းလဲပစ်ရမှာဖြစ်ပါတယ်။ အဆီများတဲ့အစားအစာတွေရှောင်မယ် ပရိုတင်းပိုစားမယ် လှုပ်လှုပ်ရှားရှားနေမယ် အိပ်ချိန်ကိုဂရုစိုက်မယ် စသည်ဖြင့် ကျန်းမာတဲ့နည်းလမ်းနဲ့ မှန်ကန်စွာကိုယ်အလေးချိန်ချဖို့တော့လိုပါတယ်။