ငါးဟင်းလျာဟာ အသားဓါတ်နဲ့ အိုမီဂါဖက်တီး သရီးအက်စစ်ဓါတ်ကြွယ်ဝလို့ လူ့ကျန်းမာရေးအတွက် အာဟာရတစ်မယ်အဖြစ် ထင်ရှားပါတယ်။ ဒါပေမယ့်လည်း တချို့ငါးတွေမှာ မာကျူရီလို့ ခေါ်တဲ့ ပြဒါးဓါတ်မြင့်တတ်လို့ အဲ့ဒီလို ငါးတွေကို စားမိရင် ကြွက်သားအားနည်းပြီး အမြင်အကြားအာရုံခံစနစ်တွေလည်း ထိခိုက်လာနိုင်ပါတယ်။ မာကျူရီဓါတ်ဟာ ပင်လယ်စာတွေမှာ ပိုပြီး ပါဝင်တတ်တယ်ဆိုပေမယ့် ငါးတွေထဲမှာလည်း တွေ့ရတတ်ပါတယ်။ ဒီတော့ ငါးအမျိုးမျိုးရှိတဲ့အထဲကမှ ကျန်းမာရေးနဲ့ညီညွတ်ပြီး ကိုယ့်ဘာသာ အိမ်မှာဟင်းချက်စရာလို့လည်း ကောင်းတဲ့ ငါးအမျိုးအစားတွေအကြောင်း ပြောပြချင်ပါတယ်။
(၁) ငါးခူ
Photo: thedailymeal
ငါးကြီးမျိုးထဲမှာ ပါတဲ့ ငါးခူတွေကို ရေချိုရေငံနှစ်မျိုးစလုံးမှာ တွေ့ရတတ်ပါတယ်။ သဘာဝအလျောက် ပေါက်ပွားရာမှာ ဖမ်းယူကြသလို စနစ်တကျလည်း မွေးမြူသားဖောက်လေ့ရှိပါတယ်။ မွေးငါးခူတွေက ပိုပြီး အရသာနူးညံ့ပေမယ့် သဘာဝအတိုင်းဖမ်းမိတဲ့ ငါးခူတွေကတော့ Omega-3 ပိုကြွယ်ဝပါတယ်။ နှစ်မျိုးစလုံးကတော့ ပြဒါးပါဝင်မှုနည်းပြီး ဟင်းချက်စားဖို့လည်း လွယ်ကူပါတယ်။ ကျွန်တော်တို့ဆီမှာတော့ ငါးခူကို ကြော်/ချက်အပြင် ငါးပိကောင်ပါ လုပ်စားကြပါတယ်။
(၂) ကော့ဒ်ငါး
Photo: thedailymeal
စားဖိုမှူးတွေအကြိုက် ငါးထဲမှာ ကော့ဒ်လို့ ခေါ်တဲ့ ပင်လယ်ရေနက်ပိုင်း ငါးတစ်မျိုးလည်း ပါပါတယ်။ ကော့ဒ်ငါးက အသားနူးညံ့ပြီး ချိုသလို Deep-Fried ကြွပ်ကြွပ်ကြော်စားလို့ ကောင်းပြီး အဆီနည်းနည်းနဲ့ Pan-Fried လည်း ကြော်နိုင်ပါတယ်။ ငါးဆားနယ်လုပ်စားနိုင်သလို အခြောက်လှန်းပြီး တာရှည်ခံစားနိုင်အောင် လုပ်လေ့ရှိပါတယ်။ ကော့ဒ်ငါးတွေမှာတော့ မာကျူရီ Level အသင့်အတင့်ကနေ အနည်းငယ်ပါဝင်တတ်ပါတယ်။
(၃) ဆယ်လ်မွန်
Photo: thedailymeal
ကမ္ဘာအနှံ့အပြားမှာ ဆယ်လ်မွန်ငါးဟင်းလျာက လူကြိုက်များတဲ့ ငါးဟင်းတစ်မျိုး ဖြစ်မှာပါ။ ဆယ်လ်မွန်ငါးတွေကို စည်သွပ်အစာအဖြစ်လည်း ကမ္ဘာတလွှားမှာ လွယ်လင့်တကူ စားသုံးနိုင်အောင် ထုတ်လုပ်လေ့ရှိပါတယ်။ ဆယ်လ်မွန်ငါးလုပ်ငန်းဟာ အရေးပါတဲ့ ရေထွက်ထုတ်ကုန်တစ်မျိုးဖြစ်သလို ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းကြီးတစ်ခုဆိုလည်း မမှားပါဘူး။ ဆယ်လ်မွန်ငါးတွေမှာလည်း အမျိုးအစား အများအပြားရှိပြီး နယူးဇီလန်မှာတော့ အတ္တလန်တစ်ဆယ်လ်မွန်နဲ့ ချင်းနွတ်ခ်ဆယ်လ်မွန်ငါးတွေကို အကြီးအကျယ်မွေးမြူရေးလုပ်ပြီး စီးပွားရှာကြပါတယ်။ ဆယ်လ်မွန်ငါးတွေဟာ ပြဒါးပါဝင်မှုနည်းပြီး အမျိုးမျိုးချက်ပြုတ်စားသောက်နိုင်ပါတယ်။
(၄) တီလားပီးယား
Photo: thedailymeal
တီလားပီးယားကို ကျွန်တော်တို့ဆီမှာ ဒေသပေါ်လိုက်ပြီး ဇလားဗီးယားလို့ ခေါ်တာတွေလည်း ရှိပါတယ်။ ရေချိုတီလားပီးယားငါးမျိုးကို တရုတ်ဘက်ကနေ တင်သွင်းပြီး မွေးမြူရေးလုပ်ငန်းအဖြစ် လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ တီလားပီးယား ငါးကင်ဟာ လူကြိုက်များပြီး နာမည်ကျော်တဲ့ ဟင်းလျာတစ်မယ်လည်း ဖြစ်ပါတယ်။
(၅) ကကတစ်
Photo: thedailymeal
ကကတစ်ငါးဆိုရင် ငါးသောက်ဆမ်းလုပ်စားလို့ ကောင်းတဲ့ငါးအဖြစ် ညွှန်းကြပါတယ်။ ကကတစ်ငါးတွေကို ငါးသောက်ဆမ်းအပြင် ကင် ၊ ကြော် ၊ ဖုတ် ၊ ပေါင်း နည်းအမျိုးမျိုးနဲ့ လုပ်စားနိုင်ပါတယ်။ မာကျူရီအတော်အသင့် ပါတတ်လို့ တစ်လကို ၆ နပ် ၇ နပ်ထက် မစားတာ ကောင်းပါတယ်။
Featured Photo: munchery