ပုံမှန်အားဖြင့်တော့ လူတစ်ယောက်နဲ့ တစ်ယောက်စကားပြောဆိုတာဟာ ခက်ခဲတဲ့အရာတစ်ခုမဟုတ်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ သို့ပေမယ့် အမျိုးသားတစ်ယောက်အနေနဲ့ ဆန့်ကျင်ဘက်အမျိုးသမီးတစ်ယောက်နဲ့ စကားပြောရာမှာတော့ သိထားရမယ့် အချက်လေးတွေ ရှိပါတယ်။ ဒီအချက်လေးတွေလိုက်နာမယ်ဆိုရင် ဆန့်ကျင်ဘက်အမျိုးသမီးရဲ့ စိတ်ဝင်စားမှုကိုရယူနိုင်ပြီး သူနဲ့ကိုယ်ကြားမှာ ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
(၁) ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါ

အမျိုးသမီးတွေနဲ့စကားပြောတဲ့အခါ ကြောက်ရွံနေသလို ရှက်နေသလို ဟန်အမူအရာမဖြစ်စေပဲ စကားသံကြည်လင်ပြတ်သားစွာနဲ့ ယုံကြည်မှုရှိစွာ ပြောဆိုရမှာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ စကားပြောဆိုခြင်းက ဆွဲဆောင်မှုရှိခြင်းတစ်မျိုးပါပဲ။
(၂) ပြုံးပါ

အပြုံးဆိုတာ နှစ်လိုဖွယ်ကောင်းပြီး ဖော်ရွေမှုကိုထုတ်ဖော်ပြသရာရောက်ပါတယ်။ အမျိုးသမီးတွေနဲ့ စကားပြောတဲ့အချိန်မှာ ခပ်ပြုံးပြုံးလေးပြောဆိုတာဟာ တစ်ဖက်လူနဲ့ မြန်မြန်ဆန်ဆန်ပဲ ရင်းနှီးမှုရစေမှာပါ။ ဒါကြောင့် သင့်ရင်ထဲက လာတဲ့စစ်မှန်တဲ့ အပြုံးနဲ့ စကားပြောဖို့ အကြံပြုချင်ပါတယ်။
(၃) ချီးမွမ်းစကားဆိုပါ

ဘယ်သူမဆို ကိုယ့်ရဲ့ကောင်းကွက်လေးတွေကို ချီးမွမ်းခံရတာ မကြိုက်တဲ့သူမရှိပါဘူး။ ချီးမွန်းတဲ့နေရာမှာ တစ်ဖက်လူရဲ့ တကယ့်အရှိအတိုင်းကောင်းကွက်လေးတွေကို ချီးမွမ်းသင့်တာဖြစ်ပါတယ်။ အလွန်အကြူးမဖြစ်ဖို့နဲ့ ရင်ထဲကမပါတဲ့ ချီးမွမ်းစကားမဖြစ်ဖို့တော့ အထူးသတိထားရှောင်ကြဉ်သင့်ပါတယ်။
(၄) တန်ပြန်မေးခွန်းလေးတွေမေးပါ

ကိုယ်တစ်ယောက်တည်းစကားပြောနေရင် စကားဝိုင်းက ပျင်းစရာကောင်းလာမှာဖြစ်သလို တစ်ဖက်လူအတွက်လည်း ပျင်းဖို့ကောင်းပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက်အပေးအယူမျှမျှနဲ့ စကားဝိုင်းလေး စည်ဖို့ဆိုရင် တန်ပြန်မေးခွန်းလေးတွေလည်း မေးပေးဖို့လိုပါလိမ့်မယ်။ ပေါ့ပေါ့ပါ့ပါးနဲ့ ကိုယ်ရေးကိုယ်တာမဆန်တဲ့ မေးခွန်းလေးတွေဖြစ်ဖို့တော့ အကြံပြုချင်ပါတယ်။
Photo : Shutterstock
