တန်ဆေး လွန်ဘေးဆိုတဲ့ စကားအတိုင်း တစ်ခုခုကို အလွန်အကျွံ ပြုလုပ်ခြင်း၊ စားသုံးခြင်းသည် ကိုယ့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အသက်ငယ်ရွယ်စဉ်မှာတော့ ရောဂါလက္ခဏာ မပြဘဲနဲ့ အသက်ကြီးရင့်လာမှ စုပုံကာရောဂါလက္ခဏာတွေ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာတတ်ပါတယ်။
သွေးတိုးရောဂါ၊ ဆီးချိုရောဂါတို့သည်လည်း အငန်ဓာတ်နှင့် အချိုဓာတ်များကို အလွန်အကျွံ စားသုံးခြင်းကြောင့် ဖြစ်ပေါ်လာရခြင်းပါပဲ။ သွေးတိုး၊ ဆီးချိုရဲ့နောက်ဆက်တွဲဆိုးကျိုးကတော့ နှလုံးကို ထိလာခြင်းပါပဲ။ သင့်အနေနဲ့ ကိုယ့်မှာ သွေးတိုးရောဂါ၊ ဆီးချိုရောဂါတွေ ခံစားရပြီဆိုတာကို သိတာနဲ့တပြိုင်နက် ကိုယ့်ရဲ့နေထိုင်မှုဘဝကို ပြင်ဆင်ဖို့လိုအပ်ပါပြီ။
ကိုယ်လက်လှုပ်ရှားအားကစား မှန်မှန်ပြုလုပ်ခြင်း၊ ကျန်းမာရေးနဲ့ ညီညွှတ်သော အစားအစာများ စားသုံးခြင်း စသည်ဖြင့် ပြုလုပ်ရမှာဖြစ်ပါတယ်။ အထူးသဖြင့် ဆီးချိုသမားများသည် အချိုဓာတ် စားသုံးခြင်းကို ရပ်တန်းက ရပ်သင့်ပါတယ်။
အချိုဓာတ်လွန်ကဲသောအစားအစာများအပြင် အခုဖော်ပြပေးမယ့် အစားအစာများကို မီးဖိုချောင်ထဲတွင် အဆင်သင့်ဆောင်ထားကာ ပုံမှန်စားသုံးပေးသင့်ပါတယ်။
ကြက်ဥ
ကြက်ဥကို ကြော်ပဲစားစား၊ ပြုတ်ပဲစားစား၊ Half-Fried ပဲ ကြော်စားစား အရေးမကြီးပါဘူး။ အဓိကကတော့ သူ့ထဲမှာပါဝင်တဲ့ ပရိုတင်းဓာတ်များကို မှီဝဲစားသုံးဖို့ပါပဲ။ ကြက်ဥစားသုံးကာ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပြီး ကိုယ်အလေးချိန်ကိုလည်း လျော့ချပေးနိုင်ပါတယ်။ ၁၀ ပေါင်ခန့် ဝိတ်ချခြင်းသည် သွေးတွင်းသကြားဓာတ် မြင့်တက်မလာအောင်လည်း ကူညီပေးပါသေးတယ်။
ကန်စွန်းဥ
ကန်စွန်းဥများသည်လည်း သွေးတိုးသမားများအတွက် အကောင်းဆုံးအစားအစာတစ်ခုပါပဲ။ ကန်စွန်းဥထဲမှာ ဗီတာမင်အေနဲ့ ဗီတာမင်စီတို့ ကြွယ်ဝစွာပါဝင်ပြီး ကျန်းမာရေးအတွက် အထူးကောင်းမွန်စေပါတယ်။
သဘာဝအဆီဓာတ်ကြွယ်ဝသော ငါးများ
အိုမီဂါသရီး ဖက်တိအက်ဆစ်ဓာတ်ကြွယ်ဝသော ငါးတွေဖြစ်တဲ့ ဆော်လမွန်ငါး၊ ငါးသေတ္တာ၊ တူနာငါး၊ မက်ကရယ်ငါးတို့သည် အဆင့် (၂) ဆီးချိုရောဂါကို သက်သာစေပြီး နှလုံးကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်တယ်လို့ လေ့လာချက်များအရ သိရှိရပါတယ်။
ထောပတ်သီး
ထောပတ်သီးသည် နှလုံးအားကောင်းစေတဲ့ အစားအစာတစ်မျိုးဖြစ်ပြီး အမျှင်ဓာတ်များ ကြွယ်ဝတဲ့အတွက်ကြောင့်လည်း သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ သင့်အနေနဲ့ အချိုဓာတ်တစ်ခုခု စားချင်စိတ်ပေါ်လာတဲ့အခါ ထောပတ်သီးလေး ခလောက်စားလိုက်ပါ။ နို့ဆီတို့ သကြားတို့တော့ မထည့်မိပါစေနဲ့။
အစိမ်းရောင် ဟင်းသီးဟင်းရွက်များ
ဟင်းနုနွယ်ရွက်၊ ကိုက်လံ၊ ကညွှတ်၊ ပန်းဂေါ်ဖီစိမ်း စတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်များသည်လည်း ဆီးချိုသမားများ များများမှီဝဲသင့်တဲ့ အစားအစာတစ်ခုပဲဖြစ်ပါတယ်။ သင့်အနေနဲ့ ဟင်းရွက်ကြော်ချည်းပဲ စားရတာ ငြီးငွေ့နေတယ်ဆိုရင်တော့ ဖျော်ရည်အဖြစ် သောက်သုံးနိုင်သလို၊ အတို့ အပြုတ် (သို့) ဟင်းရွက်သုပ်အဖြစ်လည်း စားသုံးနိုင်ပါသေးတယ်။
ဘယ်ရီသီးများ
ဘယ်ရီသီးများသည်လည်း ဗီတာမင်စီဓာတ် ကြွယ်ဝစွာပါဝင်ပြီး အမျှင်ဓာတ်လည်း ကြွယ်ဝတဲ့အတွက်ကြောင့် သကြားအစားထိုးအစားအစာအဖြစ် စားသုံးနိုင်ပါတယ်။ ဒါ့အပြင် Antioxidant များလည်း ကြွယ်ဝတာကြောင့် နှလုံးရောဂါ ခံစားရသည်အထိ ဆိုးရွားမသွားအောင် ထိန်းပေးထားနိုင်ပါတယ်။
Source: Menshealth.com
Featured Image Source: Healthifyme.com