အအေးမိခြင်း တုပ်ကွေးနှင့်အခြားကူးစက်ရောဂါများကို ကာကွယ်ရန်နည်းလမ်းတွေထဲမှာ ကိုယ်ခံအားနစ်ကောင်မွန်အောင်ပြုလုပ်ခြင်းကအထိရောက်ဆုံးဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ ကိုယ်ခံအားစနစ်ကောင်းနေမယ်ဆိုရင် ကူးစက်ရောဂါပိုးမွှားတွေနှင့် ဖျားနာခြင်းတွေ ခန္ဓာကိုယ်တွင်းကို အလွယ်တကူဝင်ရောက်နိုင်မှာမဟုတ်တော့ပါဘူး။ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ဆေးဘက်ဆိုင်ရာပညာရှင်တွေညွှန်းဆိုထားတဲ့ ကိုယ်ခံအားကောင်းစေမယ့် အစားအစာတွေကို စာဖတ်ပရိသတ်တွေ သိရှိနိုင်စေဖို့ တင်ဆက်ပေးလိုက်ပါတယ်။

(၁) Citrus အသီးများ

ဗီတာမင် C ဟာ ကောင်းမွန်တဲ့ကိုယ်ခံအားစနစ်ရဖို့များစွာအထောက်အပံ့ပေးပါတယ်။ ဘာကြောင့်လဲဆို ဗီတာမင် C ဓာတ်လုံလောက်စွာစားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်သွေးဖြူဥထုတ်မှုကို တိုးမြင့်စေတာကြောင့် ကူးစက်ရောဂါနှင့်ဖျားနာခြင်းတွေကိုတိုက်ထုတ်ပေးမှာဖြစ်ပါတယ်။ ဒါကြောင့် ဗီတာမင် C ကြွယ်ဝတဲ့ ဂရိတ်ဖရုသီး ၊ သံပုရာသီး ၊ လိမ္မော်သီး ၊ ရှောက်သီး ၊ ဆန်းကစ်သီးတွေကို စားသုံးပေးသင့်ပါတယ်။

(၂) အနီရောင်ငရုပ်ပွ

အထက်မှာပြောပြခဲ့တဲ့ Citrus အသီးများကဲ့သို့ အနီရောင်ငရုပ်ပွတွေမှာလည်း ဗီတာမင် C ဓာတ်များကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပါတယ်။ အနီရောင်ငရုပ်ပွဟာ ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးရုံသာမက beta carotene ဓာတ်တွေလည်းများစွာပါဝင်တဲ့အတွက် မျက်လုံးနှင့် အသားအရေကျန်းမာရေးကိုပါကောင်းမွန်စေပါတယ်။

(၃) ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းတွေဟာ ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တဲ့အစားအစာတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်များ ဗီတာမင် A ၊ C ၊ E တို့အပြင် အမျှင်ဓာတ် တခြားသော Antioxidants များစွာပါဝင်ပါတယ်။သုတေသနပညာရှင်တွေရဲ့ အဆိုအရလည်း အာဟာရဓာတ်ပေါင်းစုံတဲ့ပန်းဂေါ်ဖီစိမ်း စားပေးခြင်းက ကိုယ်ခံအားစနစ်အပေါ်အကျိုးသက်ရောက်မှုရှိစေပါ သတဲ့။

(၄) ကြက်သွန်ဖြူ

ဆေးဖက်ဆိုင်ရာကျန်းမာရေးအထောက်အထားများအရ ကြက်သွန်ဖြူစားသုံးခြင်းဟာ သွေးကြောတင်းမာမှုတွေကိုပြေလျော့စေပြီး သွေးပေါင်ချိန်ကိုလျော့ချပေးတဲ့ ဆေးဖက်ဝင်စားစရာတစ်ခုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ကြက်သွန်ဖြူဟာ ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်အောင်ထောက်ပံ့ပေးတာကြောင့် ကူးစက်ရောဂါများကိုတိုက်ဖျက်ရာမှာ အသုံးဝင်တဲ့ သဘာဝဓာတ်စာအဖြစ် ရှေးနှစ်ပေါင်းများစွာထဲက အသုံးပြုလာခဲ့ကြတာဖြစ်ပါတယ်။

(၅) ဂျင်း

ကိုယ်ခံအားကောင်းမွန်စေတဲ့ နောက်ထပ်စားစရာတစ်ခုက ဂျင်းဖြစ်ပါတယ်။ ဂျင်းဟာ နာတာရှည်နာကျင်မှုဝေဒနာကိုလျော့နည်းစေပြီး လက်စထရောကိုလျှော့ချပေးတဲ့ ဂုဏ်သတ္တိများစွာလည်းရှိပါတယ်။ ဂျင်းဟာ ဖျားနာခြင်းနဲ့ ကူးစက်ရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့အပြင် လည်ချောင်းနာခြင်းနှင့် ရောင်ရမ်းခြင်း နာမကျန်းခြင်းတွေနဲ့ ပျို့အန်ချင်စိတ်တွေကို လျှော့ချပေးနိုင်တဲ့အကောင်းဆုံး အစားအစာတစ်ခုဖြစ်ပါတယ်။

ဂရိဒိန်ချဉ် ၊ ဟင်းနုနွယ် ၊ ဗာဒံသီး ၊ နေကြာစေ့ ၊ နနွင်း ၊ Green tea ၊ သင်္ဘောသီး ၊ ကီဝီသီး ၊ ကြက်သား ၊ ကြက်ဥ စတဲ့အစားအစားတွေဟာလည်း ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေတဲ့ အစားအစာတွေဖြစ်တာကြောင့် နေ့စဉ်စားသုံးပေးနိုင်ပါတယ်။