ကိုယ့်ရဲ့ တစ်နေ့တာမှာ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းနွမ်းနယ်ခြင်းတွေကို ခံစားနေရပြီလား။ စိတ်ဖိစီးမှုတွေကို လျော့ကျစေမယ့် နည်းလမ်းတွေ များစွာရှိတဲ့အထဲကမှ ဒီနေ့ပြောပြပေးမှာက အစားအစာတွေနဲ့ စိတ်ဖိစီးမှုကို လျော့ချနိုင်မယ့် နည်းလမ်းတွေဖြစ်ပါတယ်။ ဘယ်လိုအစားအစာတွေက စိတ်ဖိစီးမှုတွေကို တိုက်ထုတ်ပေးနိုင်မလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်။
(၁) ဒိန်ချဉ်
ဒိန်ချဉ်ဟာ ဦးနှောက်ရဲ့ကျန်းမာရေးအပေါ် ကောင်းကျိုးတွေများစွာသက်ရောက်စေတဲ့ အစာအစားတစ်ခုဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ဒိန်ချဉ်ကဲ့သို့ အချဉ်ဖောက်ထားတဲ့ အစားအစာတွေဟာ စိုးရိမ်စိတ် စိတ်ဖိစီးမှုနဲ့ စိတ်ကျရောဂါတွေကို ကာကွယ်ပေးပြီး စိတ်ပျော်ရွှင်ခြင်းတွေကို တိုးပွားစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေဖြစ်လာတဲ့အချိန် ဒိန်ချဉ်တစ်ခွက်လောက် သောက်သုံးပေးသင့်ပါတယ်။
(၂) ဖရုံစေ့
စာဖတ်သူတို့ အပျင်းပြေစားလေ့ရှိတဲ့ ဖရုံစေ့တွေဟာ စိတ်ဖိစီးမှုကိုအကောင်းဆုံးတိုက်ထုတ်ကာကွယ်ပေးတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ဖရုံစေ့မှာ ဇင့်ဓတ် ပိုတက်ဆီယမ်ဓာတ်များ များစွာပါဝင်ပြီး သွေးပေါင်ချိန်ကိုထိန်းညှိပေးပါတယ်။ အမျိုးသမီး အယောက် ၁၀၀ ကိုစစ်တမ်းကောက်ယူမှုအရ ဇင့်ဓာတ်ချို့တဲ့ခြင်းက စိတ်ဖိစီးမှုတွေဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းအရင်းဖြစ်ပါတယ်။ ဦးနှောက်နဲ့ အာရုံကြောဖွံဖြိုးဖို့အတွက် ဇင့်ဓာတ်ကမရှိမဖြစ်လိုအပ်တာကြောင့် ဖရုံစေ့ စားသုံးပေးဖို့ အကြံပြုလိုပါတယ်။
(၃) အမဲရောင်ချောကလက်
စိုးရိမ်စိတ်နဲ့ စိတ်ဖိစီးမှုတွေကို လျော့ချပေးတဲ့ အကောင်းဆုံးအစားအစာတစ်ခုက အမဲရောင်ချောကလက်ပဲဖြစ်ပါတယ်။ ချောကလက်မှာပါဝင်တဲ့ Polyphenols ဓာတ်က စိတ်ဖိစီးမှုကိုလျော့ချပေးတဲ့အပြင် စိတ်ပျော်ရွှင်မှု စိတ်ခံစားမှုကိုကောင်းမွန်စေဖို့ ကူညီပေးပါတယ်။ ဒါ့အပြင် ချောကလက်မှာ မဂ္ဂနီစီယမ်ဓာတ်တွေလည်းကြွယ်ဝစွာပါဝင်တာကြောင့် စိတ်ကျရောဂါဝေဒနာကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။
(၄) နနွင်း
မီးဖိုချောင်အတွက်မပါမဖြစ်တဲ့ ဟင်းခတ်အမယ်တစ်မျိုးဖြစ်တဲ့ နနွင်းဟာဆိုရင် ကျန်းမာရေးအတွက် လွန်စွာအထောက်အကူဖြစ်စေတဲ့ ဆေးဖက်ဝင် စားစရာတစ်မျိုးဖြစ်ပါတယ်။ နနွင်းမှာ ပါဝင်တဲ့ Curcumin ဓာတ်က စိတ်ဖိစီးခြင်းနှင့် စိုးရိမ်ပူပန်မှုလွန်ကဲတဲ့စိတ်တွေကို လျော့ချပေးပါတယ်။ နနွင်းကို ဟင်းချက်ရာမှာဖြစ်စေ နွားနို့နဲ့ဖြစ်စေ ရောပြီး စိတ်ဖိစီးမှုခံစားရတဲ့အချိန်တွေမှာ သုံးဆောင်ပေးနိုင်ပါတယ်။
(၅) Green Tea
ခန္ဓာကိုယ်အတွက် အကျိုးပြုဓာတ်တွေများစွာပါဝင်တဲ့ Green Tea ဟာဆိုရင်လည်း စိတ်ဖိစီးမှုတွေကို တိုက်ဖျက်ရာမှာ ထိရောက်တဲ့ သောက်စရာတစ်မျိုးဖြစ်ပါတယ်။Green Tea မှာ Theanine လို့ခေါ်တဲ့ အမိုင်နိုအက်စစ်ဓာတ်တွေများစွာပါဝင်ပြီး Theanine ဓာတ်က စိတ်ဖိစီးမှုတွေကို အလျင်မြန်ဆုံး လျော့ကျသက်သာစေပြီး စိတ်တည်ငြိမ်အေးချမ်းစေပါတယ်။ ဒါကြောင့် Green Tea ကို ကော်ဖီနဲ့ အရက်ယာမကများအစားထိုးအနေနဲ့ နေ့စဉ်သောက်သုံးပေးသင့်ပါတယ်။
Source : medicalnewstoday