ရင်အုံ နဲ့ လက်မောင်းတွေ အားကောင်းပြီး ကိုယ်လုံးကိုယ်ပေါက် ကြီးချင်တယ်ဆိုရင် အားကစားတစ်မျိုးတစ်တည်းနဲ့ မရ‌တော့ပါဘူး။ အစားအသောက်လည်း ဂရုစိုက်ပေးဖို့ လိုပါတဘ်။ များသောအားဖြင့် ပိန်တဲ့သူတွေ ဝိတ်တင်ဖို့ဆိုရင် ပရိုတိန်းတွေ ၊ ကျန်းမာတဲ့ အဆီနဲ့ အစားချေဖျက်မှုနှေးတဲ့ ကာဗွန်ဟိုက်ဒရိတ်တွေ စားပေးရပါတယ်။တကယ်လို့ ကိုယ်က ဝိတ်သေးတဲ့သူလည်း ဖြစ်တယ် ကြွက်သားလည်း တက်ချင်တယ်ဆိုရင် တစ်နေ့ သုံးနှပ် ပုံမှန်စားပေးဖို့ လိုပါတယ်။ စားပေးသင့်တဲ့ အစားအစာတွေထဲမှာမှ Muscle တက်ဖို့ အကောင်းဆုံး အစားအစာတစ်ချို့ကို ညွှန်းချင်ပါတယ်။

(၁) ငါး

Photo: Unsplash

အသားဓါတ်ပြည့်ဝဖို့အပြင် အိုမီဂါဖက်တီး သရီးအက်ဆစ်တွေ ကြွယ်ဝတဲ့ ဆယ်လ်မွန်လို ငါးတွေ စားပေးသင့်ပါတယ်။ ဒီငါးတွေဟာ ကြွက်သားတွေ ဖြစ်စေမယ့် ပရိုတိန်းဓါတ်တင် ကြွယ်ဝတာ မဟုတ်ဘဲ ကြွက်သားပြိုကွဲမှုကိုပါ ကာကွယ်ပေးနိုင်တဲ့ အိုမီဂါဖက်တီးသရီးအက်ဆစ်လည်း ပါဝင်လို့ ဖြစ်ပါတယ်။ နောက်ထပ် အပိုဆုအနေနဲ့ နှလုံးကျန်းမာရေးအတွက်ပါ ကောင်းမွန်စေပါတယ်။

(၂) အမဲသား

Photo: Unsplash

အမဲသားကင်တွေဟာ ကြွက်သားတွေ ကြီးထွားဖို့ စားပေးသင့်တဲ့ အစားအစာ ဖြစ်ပါတယ်။ အမဲသား ဂရမ် ၁၀၀ မှာ ပရိုတိန်းဟာ ၂၇ ဂရမ် ပါဝင်ပါတယ်။ နောက်တစ်ခုက ဗိုက်တာမင် B12 ၊ သံဓါတ် ၊ ဇင့်ဓါတ်စတဲ့ ဗိုက်တာမင်နဲ့ သတ္ထုဓါတ်တွေလည်း ကြွယ်ဝတာကြောင့် ကြွက်သားဖွံ့ဖြိုးရေးမှာ အတော်လေး အထောက်အကူ ဖြစ်စေပါတယ်။

(၃) ကြက်ဥ

Photo: Unsplash

ကြက်ဥရဲ့ အာဟာရတန်ဖိုးကို လျှော့မတွက်စေချင်ပါဘူး။ ကြက်ဥတစ်လုံးမှာ ပရိုတိန်းဟာ ၆ ဂရမ်အထိ ပါဝင်ပါတယ်။ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အာဟာရဓါတ်‌တွေလည်း ကြက်ဥက ထောက်ပံ့ပေးပါတယ်။ အားကစားလုပ်သူတွေအတွက် အထူးကောင်းတာက ကြက်ဥမှာ ပါတဲ့ အမိုင်နိုအက်ဆစ်ဟာ ကြွက်သားပြုပြင်ဖွံ့ဖြိုးမှုအတွက် အကောင်းဆုံး အာဟာရဓါတ်ဖြစ်ပါတယ်။

(၄) ပဲအမျိုးမျိုး

Photo: Unsplash

တကယ်လို့ အသားငါးထက် အသီးအရွက်ကို ပိုခုံမင်တယ်ဆိုရင် ပဲအမျိုးမျိုးစားပြီး ကြွက်သားကြီးအောင် တည်ဆောက်လို့ ရပါတယ်။ ပဲနီလေး ၊ ပဲစဉ်းငုံ ၊ ကုလားပဲ စတဲ့ ပဲအမျိုးမျိုးဟာ ပရိုတိန်းဓါတ်မြင့်မားတဲ့ အစားအစာ တစ်ခု ဖြစ်တဲ့အပြင် ခွန်အားဖြစ်ထွန်းစေမယ့် အစာချေနှေးတဲ့ ကာဗွန်ဟိုက်ဒရိတ်ဓါတ် ၄၀ ဂရမ် ထောက်ပံ့ပေးနိုင်ပါတယ်။ ဈေးလည်း ချိုပြီး လွယ်လင့်တကူ ချက်ပြုတ်စားသောက်နိုင်လို့ ကရိကထလည်း နည်းတဲ့ အစားအစာ ဖြစ်ပါတယ်။

(၅) ဒိန်ချဉ်

Photo: Unsplash

ဒိန်ချဉ်လို့ ဆိုရာမှာ Greek Yogurt အမျိုးအစားကို ပိုစားပေးသင့်ပါတယ်။ ရိုးရိုးဒိန်ချဉ်ထက် မလိုင်ပိုများသလို ပရိုတိန်းဓါတ်လည်း နှစ်ဆ ပိုများလို့ပါ။ အရိုးအဆစ် သန်မာစေတဲ့ ဗိုက်တာမင်ဒီလည်း ကြွယ်ဝပြီး ပရိုတိန်းပေါင်းစပ်မှု ဖြစ်စဉ်လည်း အားပေးပါတယ်။ တကယ်လို့ အရသာပိုကောင်းချင်ရင်တော့ နှစ်သက်ရာ စတော်ဘယ်ရီ ၊ စပျစ်နဲ့ အစေ့အဆံတွေလည်း ထည့်ပြီး သုံးဆောင်နိုင်ပါတယ်။

ကြွက်သားတက်ဖို့ လူကောင်ကြီးထွားဖို့အတွက် အစားအသောက်အနေနဲ့ အခုပြောတဲ့ အစားအသောက်တွေ စားပေးသင့်သလို ကြွက်သားအားကောင်းစေမယ့် ဝိတ်ကစားမှုများနဲ့ ပြည့်ဝစွာအနားယူမှုတွေလည်း ပုံမှန်လုပ်ဆောင်ပေးဖို့ လိုပါတယ်။ ဒါဆိုရင်တော့ သင်လည်း လူကောင်းထွားထွား ကြွက်သားအဖုဖုနဲ့ ယောင်္ကျားကြီးတစ်ယောက် ဖြစ်လာမှာပါ။