ဂိုဏ်းစတား ရုပ်ရှင်ကားတွေဟာ ၁၉၀၀ ပြည့်နှစ်အစောပိုင်းကတည်းက အမေရိကန် ရုပ်ရှင်ရုံတွေမှာ အဓိက လူကြိုက်များထင်ရှားခဲ့တာဖြစ်ပါတယ်။
အခု ဖော်ပြပေးသွားမယ့် အကောင်းဆုံး ဂိုဏ်းစတားကား ၅ ကားစာရင်းထဲက ရုပ်ရှင်ကားတွေဟာ အကြီးမားဆုံးနဲ့ အဆိုးရွားဆုံးဂိုဏ်းစတား ကားတွေဖြစ်ပြီး ကြည့်ပြီးရင် ရင်ထဲမှာ မေ့ဖျောက်ဖို့ မလွယ်လောက်တဲ့အထိ ဂန္တဝင်မြောက်တဲ့ အနုပညာရသက ကျန်ရစ်နေခဲ့မှာ သေချာပါတယ်။
၁။ The Godfather 1,2(1972,1974)
Photo: hollywoodreporter
တသက်တာအကောင်းဆုံး ရုပ်ရှင်ကားထဲမှာ ထိပ်ဆုံးကနေရာယူထားတဲ့ အကျော်ကြားဆုံး ဂိုဏ်းစတားကားက The Godfather ပဲ ဖြစ်ပါတယ်။ အမေရိကန် တောင်ပိုင်းနဲ့ မြောက်ပိုင်း စစ်ပွဲကို အခြေခံပြီး ရိုက်ကူးခဲ့တဲ့ Gone with the wind ဂန္တဝင်ရုပ်ရှင်ကားကြီးထဲက မင်းသားချော မာလွန် ဘရန်ဒိုရဲ့ အကောင်းဆုံးသရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမှာဖြစ်ပြီး မိုက်ကယ် ကော်လီယွန်နေရာမှာ ပိုင်နိုင်စွာ သရုပ်ဆောင်ထားတဲ့ အယ် ပါချီနိုကြောင့် ဇာတ်ကားရဲ့အရှိန်ဟာ အထူးသဖြင့် ဖခင်ဖြစ်သူ ဒွန် ကော်လီယွန် ကွယ်လွန်ပြီးနောက်မှာ ပိုမြင့်လာတယ် ပြောရမှာပါ။
The Godfather ဇာတ်လမ်းဟာ အမေရိကန်နာမည်ကျော်ဒါရိုက်တာ ဖရန်စစ် ဖို့ဒ် ကော့ပိုလာရဲ့ Masterpiece ဖြစ်ပြီး ဒုတိယပိုင်းမှာ ရောဘတ် ဒီ နဲရိုးက ငယ်ရွယ်သေးတဲ့ ဗီတို ကော်လီယွန်အဖြစ် သရုပ်ဆောင်ထားပါတယ်။ မိသားစုလုပ်ငန်းကို ကာကွယ်ပြီး အာဏာတည်မြဲအောင် လုပ်ဆောင်ကြတဲ့ ဗီတိုနဲ့ မိုက်ကယ်တို့ကြား မတူညီတဲ့ အချိန်အပိုင်းအခြား ၂ ခုကို တစ်ပိုင်းစီ ကြည့်ရှုရတာ အလွန်စွဲမက်ဖွယ်ကောင်းပါတယ်။ ဒီ နဲရိုးနဲ့ အယ်လ် ပါချီနိုတို့ဟာ ရုပ်ရှင်ချစ်ပရိသတ်တွေကို တဖြည်းဖြည်းချင်း ဇာတ်ကားထဲ လိုက်ပါစီးမျောသွားအောင် အပိုအလိုမရှိ သရုပ်ဆောင်ချက်တွေနဲ့ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
၂။ Once Upon A Time In America(1984)
Photo: movieretrospect
အီတလီ ရုပ်ရှင်ဒါရိုက်တာ ဆာဂျီယို လီယွန်ဟာ Once Upon A Time In America လို့ အမည်ရတဲ့ အီတလီ-အမေရိကန် စပ်တူ ဂိုဏ်းစတားအမျိုးအစား ရုပ်ရှင်ကားကို ထုတ်လုပ်ခဲ့ပါတယ်။ ဂိုဏ်းစတားရုပ်ရှင်ကားတွေမှာ နာမည်ကြီးဖြစ်တဲ့ ရောဘတ် ဒီနဲရိုး၊ ဂျိုး ပက်စီ၊ ဂျိမ်းစ် ဝုဒ်၊ အဲလစ်ဇဘက် မက်ဂိုဗင်တို့ ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်လမ်းကတော့ “Noodles” နဲ့ “Max” လို့ အမည်ရတဲ့ အချစ်ဆုံးသူငယ်ချင်း ၂ ယောက်ဟာ နယူးယောက်စီးတီးရဲ့ ဒုစရိုက်လောကကို လွှမ်းမိုးနိုင်ဖို့ရည်ရွယ်ပြီး ဂျူးလူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ကို ဦးဆောင်ကြသူတွေဖြစ်ပါတယ်။
ဒီကားဟာ လီယွန် မသေမီ နောက်ဆုံးရိုက်ခဲ့တဲ့ ရုပ်ရှင်ဖြစ်သလို ဆယ်စုနှစ်တစ်ခုကျော် ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားတွေထဲမှာလည်း ပထမဆုံး ပါဝင်သရုပ်ဆောင်ခဲ့တဲ့ကားလည်း ဖြစ်ပါတယ်။ ဒီကားကို ဇာတ်ကားကောင်းဖြစ်လာစေတဲ့အရာတွေကတော့ သူငယ်ချင်း ၂ ယောက်ကြားက ခင်မင်ရင်းနှီးမှု၊ သစ္စာဖောက်မှု၊ ဝမ်းနည်းကြေကွဲမှုတွေနဲ့ ဂိုဏ်းအင်အား ကြီးထွားလာမှုတို့ဖြစ်ပြီး ဇာတ်ကားထဲမှာ ကိုယ်ပါ လိုက်ပါစီးမျောသွားစေမှာဖြစ်ပါတယ်။ ဇာတ်ကားကြာမြင့်ချိန်ဟာ ၄ နာရီအထိ ရှိပေမယ့်လည်း အချိန်တွေကို သတိမထားမိလောက်အောင် ရုပ်ရှင်ချစ်ပရိသတ်တွေကို ဆွဲခေါ်သွားနိုင်တဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။
၃။ GoodFellas (1990)
Photo: Mental Floss
၁၉၉၀ ပြည့်နှစ် ကာလတွေမှာ ရိုက်ကူးခဲ့တဲ့ အကောင်းဆုံး ဂိုဏ်းစတား ရုပ်ရှင်ဇာတ်ကားတွေထဲက တစ်ကားကို ပြပါဆိုရင် GoodFellas ကိုပဲ ညွှန်းရမှာပါ။ GoodFellas ဇာတ်ကားဟာ ဆယ်စုနှစ် ၃ ခုကျော်အထိ ကြီးစိုးခဲ့တဲ့ အမေရိကန် ဂိုဏ်းစတား(နောက်ပိုင်းမှာ FBI ရဲ့သတင်းပေးဖြစ်လာသူ)ဟင်နရီ ဟေးလ်ရဲ့ လူမိုက်ပါဝါ အနိမ့်အမြင့်၊ အတက်အကျအကြောင်းကို ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ကားဖြစ်ပါတယ်။
ဒီဇာတ်ကားထဲမှာ ဂိုဏ်းစတားရုပ်ရှင်ဂန္တဝင်ဖြစ်တဲ့ ရောဘတ် ဒီနဲရိုးက ဂျင်မီ ကွန်ဝေးအဖြစ်၊ ဂျိုး ပက်စီက တွမ်မီ ဒီဗီတိုအဖြစ် သရုပ်ဆောင်ထားပြီး ကျော်ကြားတဲ့ ဂိုဏ်းစတား ရုပ်ရှင်တွေကို ရိုက်ကူးသူ ဒါရိုက်တာ မာတင် စကိုးဆေစီရဲ့ အကောင်းဆုံး လက်ရာတွေထဲက တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ဂိုဏ်းစတားရုပ်ရှင်အမျိုးအစားထဲမှာ အကောင်းဆုံး ရိုက်ကူးနိုင်ခဲ့တဲ့ ရုပ်ရှင်ကားတွေထဲက တစ်ကားအဖြစ် မကြာခဏ ယူဆခြင်းခံခဲ့ရတဲ့ ကားကောင်းလည်း ဖြစ်ပါတယ်။
၄။ The Untouchables (1987)
Photo: Mental Floss
ဟောလီးဝုဒ်ရုပ်ရှင်ဒါရိုက်တာအသစ်ဖြစ်တဲ့ ဘရိုင်ယန် ဒီ ပယ်လ်မာဟာ The Untouchables အမည်ရတဲ့ စာအုပ်ကို အခြေခံပြီး ရာစုနှစ်ရဲ့ အကောင်းဆုံး မှုခင်းဇာတ်ကားတွေထဲက တစ်ကားကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ The Untouchables ဟာ ယမကာ ထုတ်လုပ်၊ ရောင်းချ၊ သယ်ယူပို့ဆောင်ခြင်းကို တားမြစ်နေတဲ့ ၁၉၃၀ ပြည့်နှစ်ကာလတွေက လူဆိုးဂိုဏ်းခေါင်းဆောင်ကြီးဖြစ်တဲ့ အယ်လ် ကပုန်းကို နှိမ်နင်းဖို့ တာဝန်ယူထားတဲ့ မှုခင်းနှိမ်နင်းရေး ဗျူရိုအေးဂျင့် အဲလီးယော့ နက်စ်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။
ဂျိမ်းစ်ဘွန်းမင်းသားဖြစ်တဲ့ ရှောင်ကွန်နရီက နက်စ်ကို ကူညီပေးတဲ့ အိုင်းရစ် ရဲအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး နက်စ်အဖြစ် ကီဗင် ကော့စ်နာက အကောင်းဆုံး သရုပ်ဆောင်ထားပါတယ်။ The Untouchables ဟာ ဖြစ်ရပ်မှန်အပေါ် အခြေခံရိုက်ကူးထားပေမယ့်လည်း ဇာတ်ကွက်အများစုဟာ စာရေးဆရာ ဒေးဗစ် မာမက်ရဲ့ စိတ်ကူးယဉ် ဇာတ်ကွက်တွေနဲ့ တည်ဆောက်ထားပြီး ရုပ်ရှင်ချစ်ပရိသတ်တွေကို နောက်ဆုံးအချိန် ဇာတ်ကားပြီးသွားတဲ့အထိ ဆက်ကြည့်နေချင်သေးအောင် စိတ်လှုပ်ရှားစရာတွေ ပေးစွမ်းနိုင်တဲ့ကားဖြစ်ပါတယ်။
၅။ American Gangster (2007)
Photo: wallpaperaccess
American Gangster ဇာတ်ကားဟာ လက်တွေ့ဘဝမှာ အမှန်တကယ် မူးယစ်ဆေး ဖြန့်ချိရောင်းချခဲ့တဲ့ ဖရန့် လူးကပ်စ်နဲ့ သူ့ကို တားမြစ်ဖို့အတွက် မှုခင်းတပ်ဖွဲ့ကို ဦးဆောင်တဲ့ စုံထောက် ရစ်ချီ ရောဘတ်တို့ကြားက အားပြိုင်တဲ့ ဒရာမာဇာတ်ကားကောင်းဖြစ်ပါတယ်။ ဖရန့် လူးကပ်စ်အဖြစ် ပရိသတ်အချစ်တော် မင်းသားကြီး ဒန်ဇယ် ဝါရှင်တန်က အပိုအလိုမရှိ သရုပ်ဆောင်ထားပြီး စုံထောက် ရောဘတ်အဖြစ် ရပ်စဲ ခရိုးက သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားဟာ လူးကပ်စ်ရဲ့ မူးယစ်ဆေးဝါး၊ ဗီယက်နမ်စစ်ပွဲနဲ့ သူ့ရဲ့ မိသားစု ဆက်စပ်မှုကို ရှင်းပြရာမှာ ရုပ်ရှင်ချစ်ပရိသတ်တွေကို အံ့သြမင်သက်သွားအောင်အထိ ဖြစ်စေခဲ့ပါတယ်။
ဒီကားကို ရိုက်ကူးခဲ့တဲ့သူကတော့ Alien, Blade Runner, Kingdom of Heaven, Gladiator တို့လို ထင်ရှားကျော်ကြားတဲ့ ရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့ ရစ်ဒ်လေ စကော့ဖြစ်ပြီး မယုံကြည်နိုင်စရာ ဂိုဏ်းစတားရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ခဲ့ပါတယ်။ ဖရန့် လူးကပ်စ်ဟာ မူးယစ်ဆေးဝါး ကုန်ကူးရာကနေ နယူးယောက်ရဲဝန်ထမ်းတွေ အကျင့်ပျက် ခြစားမှုတွေကို ဖော်ထုတ်ဖို့ ရောဘတ်ကို ကူညီတဲ့အထိ ဇာတ်ကားကို အပြောင်းအလဲကြီးကြီးမားမား ပြုလုပ်ပြပြီး ရုပ်ရှင်ချစ်ပရိသတ်တွေကို လှလှပပ လှည့်စားနိုင်ခဲ့ပါတယ်။ American Gangster ကားကိုကြည့်ပြီးရင် သေချာပေါက် တွေးစရာတွေတော့ ကျန်နေခဲ့မှာ အသေအချာပဲ ဖြစ်ပါတယ်။