လူတစ်ယောက်အတွက် ကျန်းမာခြင်းက အရမ်းကိုအရေးပါပါတယ်။ ကျန်းမာခြင်းလို့ပြောလိုက်တာနဲ့ ခန္ဓာကိုယ်ကျန်းမာခြင်းရော စိတ်ကျန်းမာခြင်းပါ နှစ်ခုလုံးအရေးကြီးပါတယ်။ စိတ်ချမ်းသာမှ ကိုယ်ကျန်းမာမှာဖြစ်တာကြောင့် စိတ်ရောကိုယ်ပါကျန်းမာအောင်နေထိုင်သင့်ပါတယ်။ဒီနေ့မှာတော့ လူတိုင်းလူတိုင်းသိထားသင့်တဲ့ ကျန်းမာစွာနေထိုင်နိုင်မယ့်အလေ့အကျင့်ကောင်းတွေကို မျှဝေပေးချင်ပါတယ်။
(၁) သောကကင်းတဲ့ဘဝမှာနေထိုင်ပါ
Source : Shutterstock
စိတ်ပူပင်သောကတွေက သင့်ရဲ့စိတ်နဲ့ ခန္ဓာကိုယ်ကျန်းမာရေးကို ဆိုးရွှားစွာထိခိုက်စေပါတယ်။ ဒါကြောင့် သောကကင်းတဲ့ လူမှုဘဝတစ်ခုရအောင် ဖန်တီးယူသင့်ပါတယ်။ သောကကင်းဖို့ဆိုရင် အဓိကကိုယ့်ရဲ့စိတ်ကိုအကောင်းဆုံးပြင်ဆင်တာ စိတ်ညစ်ရမယ့်အရာတွေကို အတက်နိုင်ဆုံးရှောင်ကျဉ်တာ စိတ်တည်ငြိမ်အေးချမ်းပြီး ပူပင်သောကတွေကိုတားဆီးနိုင်မယ့် တရားထိုင်ခြင်း ယောဂလေ့ကျင့်ခြင်းများပြုလုပ်တာ စတဲ့အရာတွေကို လုပ်ဆောင်ပေးသင့်ပါတယ်။
(၂) ကျန်းမာတဲ့စားသောက်မှုပုံစံရှိပါစေ
Source : Shutterstock
အစာအာဟာရကလည်း လူတစ်ယောက်ရဲ့ ကျန်းမာရေးအပေါ်အများကြီးသက်ရောက်မှုရှိစေပါတယ်။ စားတိုင်းလည်းမကောင်းသလို ဝိတ်တက်မှာဆိုးလို့ဆိုပြီး အစားအကုန်ရှောင်နေလို့လည်း မရပါဘူး။ အဓိကအားဖြင့် အသားငါး ဟင်းသီးဟင်းရွှက် ကောက်ပဲသီးနှံ စသည်ဖြင့် မျှတအောင်စားသုံးပေးဖို့လိုအပ်ပါတယ်။ နောက်ပြီး မနက်စာ နေ့လည်စာနဲ့ ညစာတွေကိုအချိန်မှန်မှန်စားသုံးပေးခြင်းဖြင့် ကျန်းမာတဲ့စားသောက်မှုပုံစံကို တည်ဆောက်လို့ရပါတယ်။
(၃) စိတ်ပျော်စေမယ့်အရာတွေလုပ်ဆောင်ပါ
Source : Shutterstock
စိတ်ပျော်နေရင်ကိုယ်နုသလို စိတ်သွားတိုင်းကိုယ်ကအမြဲလိုက်လုပ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်စိတ်ကိုပျော်ရွှင်အောင်နေပါ။ စိတ်ပျော်စေမယ့်အရာလေးတွေလုပ်ဆောင်ပါ။ ဥပမာ မိသားစုတွေနဲ့ ခရီးထွက်တာ သူငယ်ချင်းမိတ်ဆွေနဲ့ မကြာခဏတွေ့ဆုံတာ တိရစ္ဆာန်လေးတွေမွေးတာ အပင်စိုက်တာ စတဲ့အရာတွေအားလုံးလုပ်ဆောင်နိုင်ပါတယ်။ အဓိကကိုယ့်ရဲ့စိတ်ကိုပျော်ရွှင်စေမယ့်အရာလေးတွေ ရွေးလုပ်သင့်တာပါ။
(၄) ကိုယ်ကာယကြံ့ခိုင်မှုရှိပါစေ
Source : Shutterstock
ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ဖို့ အဓိကအားဖြင့်နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းလုပ်ဆောင်ရမှာဖြစ်ပါတယ်။ တစ်ရက်ကို အနည်းဆုံး ၁ နာရီလောက်အချိန်ပေးပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ဆောင်ခြင်းက ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ရုံသာမက စိတ်ဖိစီးတွေကိုလည်း လျော့ကျစေပြီး ကျန်းမာပျော်ရွှင်တဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်စေပါတယ်။ဒါကြောင့် အိမ်မှာပဲ လေ့ကျင့်ခန်းလုပ်တာ လမ်းလျောက်တာ စက်ဘီးနင်းတာ ရေကူးတာ တောင်တက်တာ စတဲ့လေ့ကျင့်ခန်းတွေကိုလုပ်ဆောင်ဖို့အကြံပြုချင်ပါတယ်။
(၅) အိပ်ချိန်မှန်မှန်အိပ်စက်ပါ
Source : Shutterstock
အိပ်စက်ချိန်မမှန်ခြင်းကလည်း ကျန်းမာတဲ့လူနေမှုဘဝရဖို့ အလှမ်းဝေးကွာစေတဲ့အဓိကအကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။ ညဘက်တွေမှာ ကောင်းစွာအိပ်စက်မှသာ နောက်တစ်နေ့အတွက်အားအင်အပြည့်နဲ့ နိုးထပြီး တစ်နေ့ကုန်ရုန်းကန်လှုပ်ရှားဖို့ ခွန်အားတွေဖြစ်စေမှာပါ။အိပ်ရေးပျက်တာတွေများလာရင် စိတ်ကျခြင်းဝေဒနာကိုခံစားရသည်အထိ ဆိုးကျိုးသက်ရောက်စေတာကြောင့် အိပ်ချိန်မှန်မှန်အိပ်စက်ဖို့လည်း မဖြစ်မနေလိုအပ်ပါတယ်။