ယနေ့ခေတ်မှာ အလုပ်တစ်ခုရဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ ကိုယ်ရေးအကျဉ်းကို အခမ်းနားဆုံးဖြစ်အောင် ပြင်ဆင်ထားပြီးမှ အလုပ်လျှောက်လွှာအပ်ရပါတယ်။ ဒါမှလည်း အင်တာဗျူးဖြေဆိုဖို့ အရွေးခံရမှာကိုး။ အင်တာဗျူးဖြေတဲ့အခါမှာလည်း အလုပ်ရှင်က အလုပ်ခန့်ချင်အောင် ကြိုတင်ပြင်ဆင်ထားသင့်တဲ့အရာတွေ ရှိပါတယ်။

ဒါဆိုရင် အင်တာဗျူးဆိုတဲ့စစ်ပွဲမှာ အောင်ပွဲခံနိုင်ဖို့ ဘယ်လိုအရာတွေကို ကြိုတင်ပြင်ဆင်ထားသင့်သလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

၁။ လေ့ကျင့်မှုရှိပါ။

Source: Videoblocks.com

မှန်ရှေ့မှာ မတ်မတ်ရပ်ပြီး အင်တာဗျူးမှာ ကိုယ်ပြောမယ့်အရာတွေကို လေ့ကျင့်ထားပါ။ များများလေ့ကျင့်ထားပါမှ သဘာဝကျမှာဖြစ်ပါတယ်။ စတိတ်စင်ပေါ်တက်ပြီး လူအများရှေ့မှာဟောပြောနေရတဲ့ နာမည်ကြီးဟောပြောသူတွေကလည်း လေ့ကျင့်မှုမရှိဘဲ တက်ပြောလို့မရပါဘူး။ အကြိမ်ထောင်ပေါင်းများစွာ လေ့ကျင့်ထားမှသာ လူအများရှေ့မှာ ချက်ကျလက်ကျ ထိထိမိမိပြောနိုင်မှာပဲဖြစ်ပါတယ်။

၂။ ကြိုတင်လေ့လာထားပါ။

Source: Roymorgan.com

ကိုယ့်ကို အင်တာဗျူးမယ့်သူတွေကို မသိရင်တောင်မှ ကိုယ်အလုပ်လျှောက်တဲ့ကုမ္ပဏီရဲ့ နောက်ခံသမိုင်းကြောင်းနဲ့ လက်ရှိလုပ်ဆောင်နေတဲ့အရာတွေကို သေချာလေ့လာထားပါ။ ယနေ့ခေတ်က ဆိုရှယ်မီဒီယာခေတ်ဆိုတော့ အင်တာနက်လေးတစ်ချက်ခေါက်လိုက်ရုံနဲ့တင် ကိုယ်သိချင်တာတွေကို အချိန်မရွေးသိရှိနိုင်နေပါပြီ။

၃။ ကိုယ် ဘာ့ကြောင့် သူတို့ကုမ္ပဏီမှာ အလုပ်လုပ်ချင်သလဲဆိုတာ သိအောင်ကြိုးစားပါ။

Source: Totaljobs.com

မင်း ဒီကုမ္ပဏီမှာ ဘာ့ကြောင့် အလုပ်လုပ်ချင်တာလဲဆိုတဲ့ မေးခွန်းကို ကြိုတင်ပြင်ဆင်ထားပါ။ ပိုက်ဆံရချင်လို့ အလုပ်လုပ်ချင်တာဆိုတဲ့အဖြေကတော့ အစစ်မှန်ဆုံးနဲ့ အရိုးသားဆုံးပဲဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုသွားဖြေရင်တော့ သင် တစ်မှတ်မှရမှာမဟုတ်ပါဘူး။ ပိုပြီး ကျိုးကြောင်းဆီလျော်ပြီး သင့်တော်တဲ့အကြောင်းပြချက်ကို ကြိုတင်စဉ်းစားထားပါ။

၎။ အရင်အလုပ်မှာ လုပ်ခဲ့တဲ့အောင်မြင်မှုတွေကို ပြောပြဖို့ မမေ့ပါနဲ့။

Source: Goldentriangle.villagesoup.com

သင်က အတွေ့အကြုံရှိတဲ့သူဆိုရင် အရင်အလုပ်မှာ လုပ်ခဲ့တဲ့အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဘာတွေကို လေ့လာသင်ယူခဲ့သလဲ။ အခက်အခဲ အတားအဆီးနဲ့ စိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်ကျော်လွှားခဲ့သလဲဆိုတာကို စီကာပတ်ကုံးပြောပြပေးဖို့ လိုပါမယ်။ သင်က အရင်ကုမ္ပဏီမှာ CEO မကလို့ ဘာရာထူးပဲရခဲ့ရခဲ့ သူတို့ စိတ်မဝင်စားပါဘူး။ သင့်ရဲ့ အရည်အချင်းတွေကိုသာ သူတို့သိချင်တာဖြစ်ပါတယ်။ တကယ်လို့ သင့်မှာ လုပ်ငန်းအတွေ့အကြုံမရှိသေးဘူးဆိုရင်လည်း ကျောင်းတုန်းက ဘယ်လိုအတွေ့အကြုံတွေသင်ယူခဲ့သလဲဆိုတာကိုလည်း ပြောကြားပေးနိုင်ပါတယ်။

၅။ သင့်ရဲ့ အားနည်းချက်တွေက ဘာတွေလဲလို့ အမေးခံရတဲ့အခါ

Source: Imagefully.com

အင်တာဗျူးတိုင်းမှာ သင့်ရဲ့အားနည်းချက်ကို ပြောပါဆိုပြီး မေးလေ့ရှိပါတယ်။ ဒီလိုအမေးခံရတဲ့အခါ လိမ္မာပါးနပ်စွာနဲ့ဖြေဆိုတတ်ဖို့လိုပါမယ်။ ဒီမေးခွန်းက သင့်ကို ကယ်တင်ပေးနိုင်သလို သင့်ရဲ့ ဖြေဆိုပုံမှားယွင်းသွားတဲ့အခါ ကိုယ့်ကိုယ်ကိုဒုက္ခပေးရာလည်း ရောက်ပါလိမ့်မယ်။ လူသားတိုင်းမှာ လိုအပ်ချက်တွေ ကိုယ်စီရှိကြပါတယ်။ အလုပ်ရှင်တွေကလည်း အဘက်ဘက်က ပြီးပြည့်စုံနေတဲ့လူကို ရှာဖွေနေတာမဟုတ်ပါဘူး။

ကိုယ့်ရဲ့ အားနည်းချက်က ဘာတွေဖြစ်တယ်။ အားနည်းချက်ကို အားသာချက်အဖြစ်ဘယ်လိုပြောင်းလဲပစ်ချင်လဲဆိုတာကို စိတ်အားထက်သန်စွာဖြေဆိုပေးလိုက်ပါ။ ဒီလိုမှမဟုတ်ဘဲ ကျွန်တော်က အချိန်ကို စီမံခန့်ခွဲတဲ့နေရာမှာ အရမ်းညံ့တာ။ အမြဲတမ်း နောက်ကျတတ်တဲ့အကျင့်ရှိတယ်လို့ဖြေလိုက်ရင်တော့ ဒီရာထူးနဲ့ သင်နဲ့ ဝေးသွားပါလိမ့်မယ်။