ကိုယ်ရွေးလိုက်တဲ့ အလုပ်မှာ အောင်မြင်ပျော်ရွှင်ချင်ရင် ကိုယ့်စရိုက် Personality နဲ့ ကိုက်တဲ့ အလုပ်ရှာပါလို့ ပြောချင်ပါတယ်။ အလုပ်ဆိုတာ နာရီပေါင်းများစွာ ၊ နေ့ရက်ပေါင်းများစွာ အချိန်ပေးရတဲ့ကိစ္စဖြစ်ပြီး မပျော်တဲ့အလုပ်မျိုးမှာ လုပ်နေရတာလည်း ဝဋ်ကြွေးတစ်မျိုးပါပဲ။ အလုပ် အကိုင်လမ်းကြောင်း ရွေးချယ်ရာမှာ ကိုယ့်ပင်ကိုယ်စရိုက်နဲ့ စိတ်နေသဘောထားကို သိပြီးမှ ရွေးချယ်ဖို့ လိုပါတယ်။

လူတွေရဲ့ စရိုက်ကို ပြောရာမှာ များသောအားဖြင့် အတွင်းစွဲစရိုက်ရှိသူ Introvert နဲ့ အပြင်စွဲဆန်သူ Extrovert ဆိုပြီး နှစ်မျိုး ခွဲနိုင်ပါတယ်။ လွယ်လွယ်ပြောရရင် Extrovert ဆိုတာ အစိမ်းအကျက်မရွေး လူတွေနဲ့ ပေါင်းရသင်းရ ဆက်ဆံရတာကို သဘောကျသူတွေဖြစ်ပြီး Introvert တွေက သူတို့တကယ်ခင်တဲ့ မိတ်ဆွေလက်တစ်ဆုပ်စာလောက်နဲ့ပဲ လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်ချင်သူမျိုး ဖြစ်ပါတယ်။

တကယ်လို့ သင်က လူမှုဆက်ဆံရေးနယ်ပယ်မှာ သိပ်မကျွမ်းကျင်ဘဲ ရှက်တတ်တဲ့ Introvert စရိုက်ရှိသူဆိုရင် အခုပြောမယ့် အလုပ်အကိုင်တွေ ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။ ဒီအလုပ်အကိုင်တွေက လူအများနဲ့ သိပ်ဆက်ဆံစရာမလိုသလို ရုံးမတက်ဘဲ အဝေးကနေ အလုပ်လုပ်နိုင်တဲ့ အားသာချက်တွေလည်း ရှိပါတယ်။ ဘယ်လိုအလုပ်အကိုင်မျိုးတွေလဲဆိုတာ အောက်မှာ ဖော်ပြလိုက်ပါတယ်။

(၁) Social Media Manager

Social Media Tracking

Photo: Unsplash

အွန်လိုင်းလူမှုကွန်ရက်ပေါ်မှာတင် လူတွေနဲ့ ဆက်ဆံရတာ ဖြစ်လို့ Social Media မန်နေဂျာအလုပ်ကလည်း လူချင်းတွေ့ပြီး ထိတွေ့ဆက်ဆံရမှာ အဆင်မပြေသူတွေနဲ့ အံကျအလုပ်အကိုင်လို့ ပြောရမှာပါ။ Social Media Manager တစ်ယောက်ဟာ ကုန်အမှတ်တံဆိပ်တွေကို ကိုင်တွယ်ရသလို လူမှုကွန်ရက်အကောင့်တွေ နဲ့ အွန်လိုင်းမားကတ်တင်းကမ်ပိန်းတွေ Run တာမျိုးလည်း လုပ်ရပါတယ်။ လစာကောင်းပြီး အလုပ်အကိုင်အခွင့်အလမ်းလည်း ပေါများတဲ့ အလုပ်မျိုး ဖြစ်ပါတယ်။

(၂) Content Writer/Editor

Content Writer

Photo: Unsplash

ဒီအလုပ်နှစ်မျိုးက သဘောတရားချင်း မတူပေမယ့် စာရေးတဲ့အလုပ်ဖြစ်လို့ တွဲပြီး ဖော်ပြလိုက်ပါတယ်။ Introvert အများစုက စာရေးတဲ့အပိုင်းမှာ တော်ပါတယ်။ Content Writer အလုပ်ကလည်း ဖန်တီးမှုပါတဲ့ စာတွေ ၊ ကြော်ငြာနဲ့ ထုတ်ပြန်ချက်တွေ ရေးရတာပါ။ အိမ်ကနေလည်း လုပ်လို့ ရတဲ့ အလုပ်ဖြစ်လို့ လွတ်လပ်ပါတယ်။ ကိုယ့်မိခင်ဘာသာစကားအပြင် ဘာသာပြန်ကျွမ်းကျင်မှုပိုင်းပါ ရှိရင် ကြော်ငြာစာကနေ Technical Writing ပိုင်းပါ ကူးလို့ရပါတယ်။

အယ်ဒီတာအလုပ်ကတော့ Content Writer ထက် စာရင် လူတွေနဲ့ ပိုပြီး ဆက်ဆံရပါတယ်။ အားသာချက်အနေနဲ့ သူက ကိုယ်ချဉ်းကပ်လိုတဲ့သတင်းစတိုရီကို သွားနိုင်သလို ကိုယ်နဲ့ ဝါသနာတူ နယ်ပယ်တူတဲ့ လူတွေနဲ့ ပိုပြီး ရင်းရင်းနှီးနှီး တွင်တွင်ကျယ်ကျယ် ပေါင်းသင်းနိုင်တာပဲ ဖြစ်ပါတယ်။ ဒီအလုပ်က ဖိအားများပေမယ့် စိတ်လှုပ်ရှားစရာ ကောင်းသလို စိတ်နှစ်လို့လည်း ကောင်းတဲ့ အလုပ်အကိုင်မျိုးပါပဲ။

(၃) Software Engineer

IT Programmer

Photo: Unsplash

လူတွေနဲ့ သိပ်ပြီး တရုန်းရုန်း အလုပ်လုပ်စရာမလိုတဲ့ အလုပ်အကိုင်တွေထဲမှာ နည်းပညာအလုပ်အကိုင်တွေက အများဆုံးပါနေပါတယ်။ အိုင်တီပိုင်း ကျွမ်းကျင်ပြီး ကွန်ပျူတာသိပ္ပံနဲ့ ဘွဲ့ရသူတွေဟာ ဆော့ဖ်ဝဲလ် အင်ဂျင်နီယာ ၊ ပရိုဂရမ်မာ ၊ Developer စတဲ့ နည်းပညာပိုင်း အလုပ် အကိုင်ပေါင်းများစွာထဲကနေ နှစ်သက်ရာ ရွေးချယ်နိုင်ပါတယ်။ လစာအားဖြင့်လည်း ဒီအလုပ်မျိုးက မြင့်မားသလို ဘဝအာမခံချက်နဲ့ လူမှုဘဝကိုပါ တစ်ဆင့်မြှင့်နိုင်တဲ့ အလုပ်တွေလို့ ပြောနိုင်ပါတယ်။

(၄) Graphic Designer

Graphic Designer

Photo: Unsplash

အနုပညာဝါသနာပါပြီး ဖန်တီးရတဲ့အလုပ်တွေ လုပ်ချင်တယ် ၊ လစာလည်း ကောင်းကောင်းရချင်တယ်ဆိုရင် ဂရပ်ဖစ်ဒီဇိုင်နာအလုပ်မျိုး ရွေးချယ်သင့်ပါတယ်။ အခုခေတ်မှာ နယ်ပယ်အသီးသီးက ဒီဇိုင်းပညာရှင်တွေ လိုအပ်နေတဲ့အချိန် ဖြစ်ပါတယ်။ ဂရပ်ဖစ်ဒီဇိုင်နာတစ်ဦးအတွက် ဒီဘက်ခေတ်မှာ အလုပ်မရှားပါဘူး။ ဝန်ထမ်းအနေနဲ့လည်း အလုပ်လုပ်နိုင်သလို ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး Freelance လုပ်တာ ၊ ကိုယ်ပိုင်လုပ်ငန်းထောင်တာမျိုးလည်း လုပ်နိုင်ပါတယ်။

(၅) စာကြည့်တိုက်မှူး

Library book window

Photo: Unsplash

စာကြည့်တိုက်တွေဟာ Introvert စရိုက်ပိုင်ရှင်တွေ စိတ်မွေ့စရာနေရာထဲမှာ ထိပ်ဆုံးက ထားပြောရမယ့် နေရာတွေပဲ ဖြစ်ပါတယ်။ စာကြည့်တိုက်မှူးတစ်ဦးအနေနဲ့ ကိုယ့်ဆီ စာအုပ်လာငှားသူ ၊ လာမေးသူတွေနဲ့ပဲ စကားပြောရမှာပါ။ အချိန်အများစုကတော့ ကိုယ်ချစ်တဲ့ စာအုပ်တွေနဲ့ပဲ ထိတွေ့ဆက်ဆံရတာ ဖြစ်လို့ ပျော်မွေ့ကြည်နူးစရာ ၊ ငြိမ်းချမ်းရေးဘုံတစ်ခုမှာ အလုပ်ဝင်ရတာလို့တောင် ပြောချင်ပါတယ်။ လစာအသင့်အတင့်ကောင်းမွန်ပြီး အလုပ်လုပ်ရတဲ့ နေ့ရက်တိုင်းကလည်း စိတ်ချမ်းသာစရာနေ့ရက်တွေက များပါလိမ့်မယ်။

Featured Photo: Unsplash