ရာသီဥတုဟာ လူရဲ့ စိတ်နေစိတ်ထား ၊ အပြုအမူ နဲ့ အနေအထိုင်ပုံစံတွေကို ပြောင်းလဲဖို့ အချက်ပြပါတယ်။ ပူတဲ့အခါ ပေါ့ပါးပြီး ချောင်ချိတဲ့ အဝတ်အစား ဝတ်ဖို့ ၊ အေးတဲ့အခါ နွေးထွေးပြီး သက်တောင့်သက်သာရှိတာ ဝတ်ဖို့ ရာသီခေါင်းလောင်းက အသံမြည်တတ်ပါတယ်။
အခုလို နွေအကုန် မိုးအစ စပ်ကူးမတ်ကူးကာလမှာ ဘာဝတ်ရမလဲ စဉ်းစားနေသူတွေအတွက် Shirt အင်္ကျီအိုင်ဒီယာလေးတွေ ပေးချင်ပါတယ်။ ပုံမှန်အားဖြင့် ဒီလို ကာလမှာ ပေါ့ပါးပြီး အလျှော်အတေခံနိုင်တဲ့ အဝတ်အစားမျိုး ဝတ်ဖို့ လိုပါတယ်။ ရာသီဥတုအနေနဲ့ ပူချင်တဲ့အခါ သိသိသာသာ ပူပြီး မိုးအုံ့လို့ အေးစက်စက် ဖြစ်နေချိန်မှာ ချမ်းစိမ့်စိမ့်ဒဏ်ကနေ ခံနိုင်ရည်ရှိစေမယ့် အဝတ်အစားမျိုး ရွေးချယ်ရမှာပါ။
အရောင်အနေနဲ့ အဖြူရောင် ၊ နီညိုဖျော့ ၊ သံလွင်စိမ်းရင့် ၊ အပြာနုရောင်နဲ့ အညိုဖျော့တွေရွေးသင့်ပါတယ်။ ရာသီနဲ့ လိုက်ဖက်ပြီး ကိုယ့်ရဲ့စိတ်ခံစားချက်ကိုပါ ပေါ့ပါးသစ်လွင်စေနိုင်လို့ ဖြစ်ပါတယ်။ ဝတ်သင့်တဲ့ ရှပ်အင်္ကျီအနေနဲ့ –
(၁) Chambray Shirt

Photo: newmensstyles
Chambray Shirt တွေကို Layering Shirt တွေအဖြစ် လူသိများကြပါတယ်။ တကယ်က Chambray တွေကို ဒီအတိုင်းလည်း Casual ဆန်ဆန် Dark Wash Jeans ၊ Sky Blue Jeans တွေနဲ့ တွဲ ဝတ်လို့ ရပါတယ်။ Chambray တွေဟာ Cotton ချည်သားမျိုးဖြစ်ပြီး ဗြောင်ချည်ဒီဇိုင်း ရက်လုပ်ထားတာ ဖြစ်လို့ ကြည့်ရတာ ရိုးရိုးရှင်းရှင်းနဲ့ သန့်ပြန့်တယ်လို့ ခံစားရစေပါတယ်။ အရောင်မျိုးစုံ ထွက်ပြီး ယောင်္ကျားလေးတွေ အဝတ်အများဆုံးနဲ့ Trendy အဖြစ်ဆုံး ကာလာက အပြာဖျော့ ၊ အပြာရင့်နဲ့ မီးခိုးမှိုင်း ကာလာတွေ ဖြစ်ပါတယ်။
(၂) Linen Shirts

Photo: newmensstyles
ရာသီဥတု ပူနွေးစိုစွတ်တဲ့ ဒေသမှာ နေတဲ့သူတွေအတွက် Linen Shirt တွေ ရွေးတာ အကောင်းဆုံး နဲ့ အမှန်ဆုံးပါပဲ။ Linen သားတွေဟာ သန့်စင်မှုနဲ့ ကြွယ်ဝခြင်းရဲ့ အမှတ်လက္ခဏာတစ်ခု ဖြစ်ပါတယ်။ အီဂျစ်တွေက စတင်ခဲ့တဲ့ Linen ဖက်ရှင်စတိုင်ဟာ ဒီနေ့ခေတ် ကမ္ဘာတစ်လွှားမှာ လူကြိုက်များတဲ့ Outfit ဖြစ်လာပါတယ်။ လီနင်တွေက ပေါ့ပါးတယ် ၊ ချည်သားပါးလွှာလို့ အေးပြီး ဝတ်လို့ကောင်းပါတယ်။
(၃) Short Sleeve Shirts

Photo: newmensstyles
ရှပ်လက်တိုတွေကလည်း ဘယ်တော့မှ ခေတ်မတိမ်တဲ့ ဖက်ရှင်ထဲမှာ ပါပါတယ်။ အားကစားလုပ်ထားတဲ့ ဘော်ဒီပိုင်ရှင်တွေအတွက် Stylish ဖြစ်တဲ့ အင်္ကျီအမျိုးအစားကို ပြောပါဆိုရင် Short Sleeve ရှပ်တွေကိုပဲ ပြောရမှာပါ။ လက်တိုရှပ်တွေဟာ Jeans နဲ့လည်း အဆင်ပြေသလို ဘောင်းဘီတိုတွေနဲ့လည်း တွဲဝတ်နိုင်တဲ့ ဖက်ရှင်ဖြစ်ပါတယ်။ Short Sleeve ရှပ်တွေ ရွေးမယ်ဆိုရင် အရောင်လွင်ပြီး Plain ဖြစ်တဲ့ကာလာတွေကို ရွေးတာ ပိုကောင်းပါတယ်။
(၄) Pima Cotton Tee

Photo: newmensstyles
ချည်သားအမျိုးမျိုး ထွက်တဲ့အထဲမှာ Pima ဆိုတဲ့ ချည်သားက ပုံမှန် ဝါချည်တွေထက် အမျှင်ပိုရှည်ပြီး နူးညံ့တယ် ၊ ခိုင်ခံ့ပါတယ်။ ချည်တွေထဲမှာ အရည်အသွေးအမြင့်ဆုံး Cotton လို့ ဆိုရမှာပါ။ အကြမ်းခံမှု မြင့်ပြီး နူးညံခိုင်ခံ့လို့ ရာသီမရွေး ဝတ်လို့ကောင်းပါတယ်။
အခုလို စပ်ကူးမတ်ကူးရာသီမှာ ပေါ့ပါးတဲ့ ဂျာကင်တစ်ထည်လောက်လည်း ဆောင်ထားဖို့ အကြံပြုချင်ပါတယ်။ Spring Jacket ဒါမှမဟုတ် အပေါ့စား Blazer ကုတ်မျိုး ဖြစ်ဖြစ် ဝယ်နိုင်ပါတယ်။ Classic Style ဖြစ်ချင်ရင် Denim Trucker မျိုးလည်း ဝတ်နိုင်ပါတယ်။
