ဗင်းနစ်ရုပ်ရှင်ပွဲတော် Venice Film Festival ဆိုတာ ကမ္ဘာ့သက်တမ်းအရင့်ဆုံးရုပ်ရှင်ပွဲတော် သုံးခု Big Three ထဲကတစ်ခုဖြစ်ပြီး ဩဇာကြီးမားလှတဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော်တစ်ခုအဖြစ် ကျော်ကြားပါတယ်။Big Three ပွဲ‌တော်သုံးခုထဲမှာ ကျန်တဲ့ ရုပ်ရှင်ပွဲတော်တွေက ကိန်းစ်ရုပ်ရှင်ပွဲတော်နဲ့ ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေပဲ ဖြစ်ပါတယ်။

အီတလီနိုင်ငံ ဗင်းနစ်မြို့မှာ ကျင်းပတဲ့ ဒီရုပ်ရှင်ပွဲတော်ကို ၁၉၃၂ ခုနှစ် (လွန်ခဲ့တဲ့ ၈၉ နှစ်အကြာ) က စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး ဒီနှစ် စက်တင်ဘာ ၁၁ ရက်နေ့မှာ ပြီးဆုံးသွားတဲ့ ဗင်းနစ်ရုပ်ရှင်ပွဲတော်က ၇၈ ကြိမ်မြောက်ဖြစ်ပါတယ်။ ဩဇာကြီးမားတဲ့ နိုင်ငံတကာရုပ်ရှင်ဆုတွေ ချီးမြှင့်ရာ ပွဲတော်တစ်ခု ဖြစ်ပြီး အကောင်းဆုံး Golden Lion ရုပ်ရှင်ဇာတ်ကားဆု (ရွှေခြင်္သေ့ဆု) ၊ Grand Jury ဆု ၊ အကောင်းဆုံး ဒါရိုက်တာဆု/သရုပ်ဆောင်ဆု/လူငယ်သရုပ်ဆောင်ဆု/ဇာတ်ညွှန်းဆု/အထူးဆု/ရုပ်ရှင်ဆု စသည်ဖြင့် ဆဆပေါင်း ၂၀ ကျော် ချီးမြှင့်ခဲ့ပါတယ်။

ဒီနှစ် ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ Golden Lion အကောင်းဆုံးရုပ်ရှင်ဆုကို Happening ကားက ရရှိသွားပြီး Grand Jury ဆုကို The Hand of God , အကောင်းဆုံးဒါရိုက်တာဆုကို The Power of The Dog ရုပ်ရှင်နဲ့ ဒါရိုက်တာ ဂျိန်းချန်ပီယံ ၊ အကောင်းဆုံးသရုပ်ဆောင်ဆု မင်းသား ဂျွန်အာစီလာ (On The Job: The Missing 8) ၊ အကောင်းဆုံးသရုပ်ဆောင် အမျိုးသမီးဆု – ပန်နီလုပ်ခရုဇ် (Parallel Mothers) တို့က ရရှိသွားခဲ့ပါတယ်။

အကောင်းဆုံးရုပ်ရှင်ဆုတွေ မရခဲ့ပေမယ့် အကောင်းဆုံးကားတွေအဖြစ် ပရိသတ်တွေ အကြိုက်တွေ့ခဲ့တဲ့ ရုပ်ရှင်ကားကောင်းတွေလည်း ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ တွေ့မြင်ခဲ့ရပါတယ်။ ဒီတစ်ခေါက်မှာ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ ပရိသတ်စိတ်ဝင်စားမှုအမြင့်ဆုံးနဲ့ လူပြောအများဆုံးရုပ်ရှင်ကားတချို့အကြောင်း ဖော်ပြပေးလိုက်ပါတယ်။

(၁) Halloween Kills

Source : Movieclips Trailers

၂၀၂၁ ထွက် Halloween Kills ဟာ ပြီးခဲ့တဲ့ ၂၀၁၈ က ထွက်ခဲ့တဲ့ Halloween ကားရဲ့ အဆက်လို့ ပြောနိုင်ပါတယ်။ Halloween ကားတွေက သည်းထိတ်ရင်ဖို Horror ရုပ်ရှင်အမျိုးအစားဖြစ်ပြီး ကြမ်းတမ်းလွန်းလို့ R Rating သတ်မှတ်ခံထားရပါတယ်။မိုက်ကယ်မေယာစ်ဆိုတဲ့ မျက်နှာဖုံးတပ် မကောင်းဆိုးဝါးတစ်ပိုင်း လူမိစ္ဆာကြီးကို လော်ရီစထရုဒ်က သူမရဲ့ မြေတိုက်ခန်းထဲမှာ ထောင်ချောက်ဆင်ပြီး မီးရှို့သတ်ခဲ့ပေမယ့် မိုက်ကယ်လွတ်လာခဲ့ပါတယ်။ မိုက်ကယ်ကို လော်ရီက သေတွင်းပို့နိုင်သလားဆိုတာကို Halloween Kills မှာ ကြည့်ရမှာပါ။ ဒီကားက ‌ဒေါ်လာ သန်း ၂၀ အကုန်အကျခံရိုက်ကူးထားတဲ့ ကားဖြစ်ပြီး ဒီနေ့အထိ ရုံဝင်ခ ဒေါ်လာ ၂၅၆ သန်းအထိ သောက်သောက်လဲ ဝင်ငွေရထားပါတယ်။

(၂) The Power of The Dog

Source : Movieclips Trailers

မင်းသားကြီး ဘန်နီဒစ် ကမ်ဘာဘတ်ချ် သရုပ်ဆောင်ထားတဲ့ဒီကားက ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ Golden Lion အကောင်းဆုံး ဒါရိုက်တာဆု ရရှိသွားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒရာမာ အချစ်အလွမ်းရုပ်ရှင်ဖြစ်လို့ အနောက်နိုင်ငံက Romance ကားတွေကို နှစ်သက်သူတွေ ကြည့်စရာကားတစ်ကားအဖြစ် ညွှန်းချင်ပါတယ်။ ကမ်ဘာဘတ်ချ်ဟာ စရိုက်ကြမ်းတဲ့ ကောင်းဘွိုင်တစ်ယောက်အဖြစ် သရုပ်ဆောင်ထားပြီး နိုဝင်ဘာ ၁၇ ရက်နေ့ စပြီး ရုံတင်မယ်လို့ ဆိုပါတယ်။

(၃) Dune

Source : Movieclips Trailers

သိပ္ပံစိတ်ကူးယဉ်ကားကောင်းတစ်ကားအဖြစ် ထွက်လာတဲ့ Dune ရုပ်ရှင်မှာ တင်မိုသီ ချာလမက်က အက်ထရိုင်းဒက်စ်အိမ်တော်က ပေါလ်အက်ထရိုင်းဒက်စ်အဖြစ် သရုပ်ဆောင်ရပါတယ်။ Dune ဆိုဲတာ ဂြိုလ်တစ်ခုရဲ့ နာမည်ဖြစ်ပြီး ‌ပေါလ်က အဲ့ဒီဂြိုလ်ပေါ်က အဖိုးတန် Spice ကို တခြားပြိုင့်ဘက်တွေလက်ကနေ ကာကွယ်ဖို့ ကြိုးစားရပါတယ်။ Dune ရုပ်ရှင်ဟာ အသေးစားနိုင်ငံရေးသမိုင်းကား ဆန်ပြီး ကွန်ပျူတာအထူးပြုလုပ်ချက်တွေကလည်း လေးစားစရာကောင်းနေပါတယ်။

(၄) The Last Duel

Source : Movieclips Trailers

သမိုင်းနောက်ခံဒရာမာရုပ်ရှင်ဖြစ်ပြီး ဒီလလယ်ကမှ ထွက်ထားတာပါ။ ထိပ်ထိပ်ကြဲ မင်းသားကြီးတွေ ဖြစ်တဲ့ ဘန်အက်ဖလက် ၊ မတ်ဒေမွန်တို့ သရုပ်ဆောင်ထားတာ ဖြစ်လို့ ကားကောင်းတစ်ကားဖြစ်မယ်လို့ ကြိုပြောနိုင်ပါတယ်။ Duel ဆိုတာ တစ်ယောက်ချင်းစီးချင်းထိုးတာကို ပြောတာ ဖြစ်ပါတယ်။ ၁၄ ရာစုခေတ် ပြင်သစ်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ ရက်စက်မှုတွေ ၊ သစ္စာဖောက်မှုတွေနဲ့ သူရဲကောင်းတွေရဲ့ ဘဝတွေကို မြင်ရမယ့်ရုပ်ရှင်ကားကောင်းတစ်ကားပါပဲ။

Featured Photo: 30nama