၁၉၂၂ ခုနှစ် တူတန်ခမန်ဘုရင့်ခေါင်းတလား တူးဖော်တွေ့ရှိပြီးနောက် ကျိန်စာကြောင့် လူသေဆုံးမှုတွေ ဖြစ်ပြီးချိန်က စလို့ မမ်မီရုပ်ရှင်တွေဆိုတာ ပေါ်ပေါက်လာခဲ့တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ပထမဆုံး မမ်မီရုပ်ရှင် The Mummy ဟာ ၁၉၃၂ ခုနှစ်မှာ စတင်ထွက်ပေါ်ခဲ့ပြီး အခုထိလည်း The Mummy နာမည်နဲ့ မမ်မီရုပ်ရှင်တွေ ထွက်နေဆဲပါပဲ။ ဖာရိုးဘုရင့်ကျိန်စာနဲ့ မမ်မီတွေကို အကြောင်းပြုပြီး ရုပ်ရှင်တွေ အများကြီး ထွက်ခဲ့တဲ့အထဲက ပရိသတ်တွေအကြိုက်ဆုံးလို့ ယူဆရတဲ့ မမ်မီကားတွေအကြောင်း မျှဝလိုက်ပါတယ်။

(၁) The Mummy (1932)

The Mummy (1932)

Photo: britannica

Universal Studios ထုတ်လုပ်ရေးဟာ ၁၉၃၁ ထွက် Frankenstein နဲ့ Dracula သည်းထိတ်ရင်ဖိုရုပ်ရှင်တွေနဲ့ အောင်မြင်မှုရခဲ့ပြီးနောက် ၁၉၃၂ ခုနှစ်မှာ The Mummy ကားကို ထုတ်လုပ်ခဲ့ပါတယ်။ Frankenstein ရဲ့ Monster အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဘောရစ်ကာလော့ဖ်က အခေါင်းပွင့်လာခဲ့ပြီးနောက် သေရာက ပြန်နိုးထလာတဲ့ အီဂျစ်ရှေးဘုန်းကြီး Imhotep နေရာက သရုပ်ဆောင်သွားပါတယ်။

Imhotep ဟာ ဘဝဟောင်းက ချစ်သူရဲ့ လူဝင်စားလို့ သူယုံကြည်တဲ့ အမျိုးသမီးတစ်ယောက်နောက်ကို လိုက်ပါတယ်။ ရုပ်ရှင်ပိုစတာမှာ သူ့ပုံကိုအကြီးကြီး ပြထားပေမယ့် တကယ်တမ်း သရုပ်ဆောင်ချိန်က မိနစ်အနည်းငယ်လောက်ပဲ ရှိပါတယ်။ The Mummy က Frankenstein ၊ Dracula နဲ့ သူ့နောက်မှ ထွက်တဲ့ Wolf Man ရုပ်ရှင်တွေလောက် အောင်မြင်မှု မရခဲ့ပေမယ့် သမိုင်းတလျှောက်အောင်မြင်တဲ့ မမ်မီရုပ်ရှင်တွေရဲ့ ရှေ့ပြေး ဖြစ်ခဲ့ပါတယ်။

(၂) The Mummy’s Hand (1940)

The Mummy's Hand (1940)

Photo: IMDb

The Mummy ထွက်လာပြီးနောက် နှစ်အနည်းငယ်အကြာမှာ Universal Studios ဟာ The Mummy’s Hand နာမည်နဲ့ စီးရီးတစ်ခုကို ဖန်တီးခဲ့ပါတယ်။ အရင်ထွက်ထားတဲ့ The Mummy နဲ့ ဇာတ်ကြောင်းချင်း သိပ်မကွာပါဘူး။ ဒီရုပ်ရှင်မှာတော့ Kharis ဆိုတဲ့ မကောင်းမိစ္ဆာဘုန်းကြီးကို ပင်တိုင်ထားပြီး ဇာတ်အိမ်ဖွဲ့ထားတာ ဖြစ်ပါတယ်။The Mummy’s Hand နောက်မှာ ၁၉၄၂ ခုနှစ်ထွက် The Mummy’s Tomb ၊ ၁၉၄၄ ခုနှစ် The Mummy’s Ghost နဲ့ The Mummy’s Curse ရုပ်ရှင်ကားတွေ ထွက်လာခဲ့ပါတယ်။

(၃) The Mummy (1959)

The Mummy (1959)

Photo: TCM

၁၉၅၀ ပြည့်နှစ် နောက်ပိုင်းမှာ ဗြိတိသျှရုပ်ရှင်စတူဒီယို Hammer Film Productions ဟာ Universal ရဲ့ Monster Movies တွေကို ကာလာသွင်းပြီး ဖန်တီးခဲ့ပါတယ်။ The Curse of Frankenstein (1957) နဲ့ Dracula (1958) တို့မှာ အောင်မြင်မှုရပြီးနောက် Hammer ထုတ်လုပ်ရေးကနေ ခရစ္စတိုဖာလီး သရုပ်ဆောငထားတဲ့ The Mummy ကို ရိုက်ကူးခဲ့တာပါ။

ရှေးဟောင်းသုတေသီ ပီတာကူးရှင်းဟာ သူ့ဖခင်ကြောင့် မတော်တဆအသက်ဝင်သွားတဲ့ ရှေးအီဂျစ်ဘုန်းတော်ကြီး Kharis ရဲ့ မမ်မီအလောင်းကို ပြန်ရင်ဆိုင်လာရပါတယ်။ နောက်ပိုင်းတော့ ဒီမမ်မီကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သူသိသွားပါတယ်။ Hammer ရဲ့ The Mummy ဟာ သူ့အရင် ထွက်ခဲ့တဲ့ မမ်မီရုပ်ရှင်ကားတွေထက် ပိုပြီး ဂရပ်ဖစ်ကောင်းလာတယ်လို့ ဆိုကြပါတယ်။ The Mummy ရဲ့နောက်မှာ The Curse of the Mummy’s Tomb (1964), The Mummy’s Shroud (1967) နဲ့ Blood from the Mummy’s Tomb (1971) တို့ ထွက်ရှိလာကြပါတယ်။

(၄) The Mummy (1999)

The Mummy (1999)

Photo: universal monsters universe

ဒီမမ်မီကားကိုတော့ အတော်များများ ကြည့်ခဲ့ဖူးကြမှာပါ။ မင်းသားကြီး ဘရန်ဒန် ဖရေဇာနဲ့ ရေချယ်ဝစ်ဇ်တို့ကို ဒီရုပ်ရှင်မှာ ရှေးဟောင်းသုတေသနပညာရှင် ရစ်ခ်အိုကွန်နဲနဲ့ အီဗီလ်ကာနာဟန်တို့အဖြစ် မြင်တွေ့ခဲ့ကြပါတယ်။ မမ်မီကားတွေထဲမှာ အကြီးအကျယ်ပေါက်ခဲ့ပြီး ကမ္ဘာတလွှားဝင်ငွေ ဒေါ်လာသန်း ၄၀၀ အထိ ရခဲ့တဲ့ ရုပ်ရှင် ဖြစ်ပါတယ်။

ပျောက်ဆုံးနေတဲ့ ရှေးဟောင်း အီဂျစ်မြို့တော်ကြီး ရှာတွေ့ပြီးနောက် သူတို့ဟာ အီဂျစ်ဘုန်းတော်ကြီး Imhotep နဲ့ သူ့တပ်ဖွဲ့ကို မရဏနိုင်ငံကနေ မတော်တဆ ပြန်ခေါ်လိုက်သလို ဖြစ်သွားပါတယ်။ The Mummy (1999) နောက်မှာ နှစ်ကားထွက်ပါတယ်။ The Mummy Returns (2001) နဲ့ The Mummy: Tomb of The Dragon Emperor (2008) တို့ ဖြစ်ပြီး နှစ်ကားလုံး လူကြိုက်များ အောင်မြင်ခဲ့ကြပါတယ်။

Featured Photo: britannica