ရောဘတ် ဒီ နဲရိုးဟာ သရုပ်ဆောင်ဘဝ အအောင်မြင်ဆုံးကာလကို ကျော်လွန်ခဲ့ပြီးဖြစ်ပေမယ့်လည်း ဟောလီးဝုဒ်ရဲ့ အကျော်ကြားဆုံးကြယ်ပွင့်ထဲက တစ်ဦးဖြစ်နေဆဲဖြစ်ပါတယ်။ ဂိုဏ်းစတားရုပ်ရှင်ဇာတ်ကားတွေနဲ့ လူသိများကျော်ကြားခဲ့ပြီး ဟာသဇာတ်ကားမှာလည်း ပရိသတ်တွေ ပြုံးပျော်အောင် သရုပ်ဆောင်နိုင်တဲ့အတွက် အားလုံးက နှစ်သက်ချစ်ခင်ကြတာဖြစ်ပါတယ်။

ဒါကြောင့် ရောဘတ် ဒီ နဲရိုးရဲ့ တသက်တာအကောင်းဆုံး သရုပ်ဆောင်ချက်တွေကို မလွဲချော်စေဖို့အတွက် အကောင်းဆုံး ဇာတ်ကား ၅ ကားကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Taxi Driver (1976)

Taxi Driver (1976)

Photo: medium

မာတင် စကော်ဆေးဆီရဲ့ လက်ရာအမြောက်ဆုံးကားတွေထဲက တစ်ကားဖြစ်ပြီး ရောဘတ် ဒီ နဲရိုးကို ထိပ်ဆုံးရောက်အောင် တွန်းတင်ပေးနိုင်ခဲ့တဲ့ ရုပ်ရှင်ကားလည်း ဖြစ်ပါတယ်။ Taxi Driver ဟာ နယူးယောက်စီးတီးက မှတ်ဉာဏ်တွေ တဖြည်းဖြည်း ဆုံးရှုံးလာနေတဲ့ စစ်သားဟောင်း ထရာဗစ် ဘစ်ကယ်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ထရာဗစ်ဟာ ကလေးသူငယ်တွေကို ပြည့်တန်ဆာအဖြစ် လုပ်ဆောင်နေမှုတွေကို ကူညီကယ်ဆယ်ပေးတာအပါအဝင် မတရားမှုတွေကို တိုက်ဖျက်ပြီး မကောင်းသူပယ် ကောင်းသူကယ်လုပ်ရပ်တွေကြောင့် လူအများရဲ့ အာရုံစိုက်ခြင်းကို ခံလာရပါတယ်။ မဖြစ်နိုင်တာတွေကို ဖြစ်အောင် လုပ်ပြတတ်တဲ့ အရင်တုန်းက ရောဘတ် ဒီ နဲရိုးကိုကြည့်ချင်တယ်ဆိုရင် ဒီဇာတ်ကားက မဖြစ်မနေကြည့်သင့်တဲ့ကား ဖြစ်ပါတယ်။

၂။ Raging Bull (1980)

Raging Bull (1980)

Photo: vintag

ဒီဇာတ်ကားကတော့ အီတလီ-အမေရိကန် နွယ်ဖွား မစ်ဒယ်ဝိတ်တန်း လက်ဝှေ့ကျော် ဂျိတ် လာမော်တာရဲ့ ဘဝဖြစ်စဉ်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ လာမော်တာဟာ ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့ ကိုယ့်ကိုကိုယ် ဖျက်ဆီးခြင်းနဲ့ စွဲလမ်းခြင်းတွေကို တိုက်ခိုက်နေရပြီး အဲဒါတွေကပဲ သူနဲ့ သူ့ရဲ့မိသားစုကြားမှာ အက်ကြောင်းတွေ ဖြစ်လာစေခဲ့ပါတယ်။ ဂျိုး ပက်စီက ဂျိတ်ရဲ့ အစ်ကို မန်နေဂျာ ဂျိုဝီအဖြစ် သရုပ်ဆောင်ပေးထားပြီး Raging Bull ဟာ သင့်ရဲ့ နှလုံးသားကို ကွဲကြေစေလောက်တဲ့ ရုပ်ရှင်ဖြစ်တာကြောင့် ဇာတ်ကားထဲမှာ လိုက်ပါစီးမျောသွားမှာ သေချာပါတယ်။

၃။ Casino (1995)

Casino (1995)

Photo: letterboxd

မာတင် စကော်ဆေးဆီ ရိုက်ကူးထားတဲ့ အမေရိကန် မှုခင်းရုပ်ရှင်ကားဖြစ်တဲ့ ကက်စီနိုမှာ ရောဘတ် ဒီ နဲရိုးက မကြာခဏတွဲဖက်သရုပ်ဆောင်နေကျဖြစ်တဲ့ ဂျိုး ပက်စီနဲ့အတူ လောဘ၊ အာဏာနဲ့ ခင်မင်ရင်းနှီးမှုအကြောင်းကို ပုံဖော်ထားပါတယ်။ ရောဘတ် ဒီ နဲရိုး၊ ဂျိုး ပက်စီတို့နဲ့အတူ ဒီ ထိတ်ထိတ်ကြဲ ဂိုဏ်းစတားကားထဲမှာ တစ်ချိန်က ပုရိသတွေရဲ့အသည်းစွဲ ရှယ်ရွန် စတုန်း၊ ဂျိမ်းစ် ဝုဒ်၊ ကီဗင် ပိုလက်၊ ဟာသဂန္တဝင် ဒွန် ရစ်ကယ်တို့လည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီ နဲရိုးဟာ ချီကာဂို လူဆိုးဂိုဏ်းက လက်စ်ဗေးဂတ်မှာရှိတဲ့ ၎င်းတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ကိုင်တွယ်ဖို့ စေလွှတ်ခြင်းခံရတဲ့ “Ace” ရော့သ်စတိန်းအဖြစ် သရုပ်ဆောင်ထားပြီး သင် ခန့်မှန်းထားတဲ့အတိုင်း ဒီ နဲရိုးဟာ နောက်ဆုံးမှာတော့ ကိုယ့်ကိုကိုယ် နားလည်သွားမယ်ဆိုတဲ့ အစီအစဉ်အတိုင်း ဖြစ်လာမှာတော့ မဟုတ်ပါဘူး။

၄။ The Godfather Part II (1974)

The Godfather Part II

Photo: DVDBeaver

တသက်တာအကောင်းဆုံးဇာတ်ကားအဖြစ် မကြာခဏ ဖော်ပြခြင်းခံခဲ့ရတဲ့ The Godfather Part II ဟာ ငယ်ရွယ်တဲ့ ဗီတို ကော်လီယွန်အဖြစ် ရောဘတ် ဒီ နဲရိုး သရုပ်ဆောင်ထားတဲ့ လက်ရာအမြောက်ဆုံးအပိုင်းဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ မိသားစုလုပ်ငန်းကို လည်ပတ်နိုင်အောင်နဲ့ ကာကွယ်နိုင်အောင် လုပ်ဆောင်ကြတဲ့ ငယ်ရွယ်တဲ့ ဗီတိုနဲ့ သူ့ရဲ့သား မိုက်ကယ်(အယ်လ် ပါချီနို)တို့ကြား မတူညီတဲ့ အချိန်အပိုင်းအခြားကို ခွဲပြထားတာက ရင်သပ်ရှုမောဖွယ်ကောင်းလှပါတယ်။ The Godfather Part II ဟာ ဒီ နဲရိုးရဲ့ အကောင်းဆုံး ဇာတ်ကောင်ထဲက တစ်ခုဖြစ်ပြီး ဂန္တဝင်မင်းသားကြီး မာလွန် ဘရန်ဒိုရဲ့ ခြေရာကို ကွက်တိ လိုက်နင်းနိုင်ခဲ့တာဖြစ်ပါတယ်။

၅။ Heat (1995)

Heat (1995)

Photo: IMDb

တစ်သက်တာအကောင်းဆုံး မှုခင်းဇာတ်ကားအဖြစ် ငြင်းစရာမရှိ သတ်မှတ်ခံထားရတဲ့ Heat ဟာ ဇာတ်ကောင် ၂ ခု အားပြိုင်တဲ့ ဒရာမာကားဖြစ်တာကြောင့် အမှတ်ရဖွယ်ဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒီ နဲရိုးဟာ အရမ်းနောက်မကျခင် အချီကြီးကြံပြီး ဒုစရိုက်လောကကို စွန့်ခွာဖို့ ကြိုးပမ်းနေတဲ့ သူခိုး နေးလ် မက်ကောလေးအဖြစ် သရုပ်ဆောင်ထားပြီး အယ်လ် ပါချီနိုကတော့ မက်ကောလေးရဲ့ အယ်လ်အေရဲစုံထောက်ဟောင်း ဗင်းဆင့် ဟန်နာအဖြစ် သရုပ်ဆောင်ထားပါတယ်။ အဓိကဇာတ်ကောင် ၂ ခု အပေါ်မှာ အဓိကထား ရိုက်ပြထားပေမယ့်လည်း သူတို့ ၂ ယောက်ဟာ အမှတ်ရဖွယ် ကော်ဖီဆိုင် ဇာတ်ကွက်မှာ တစ်ကြိမ်သာ ဆုံခဲ့ကြတာဖြစ်ပါတယ်။

ဆောင်းပါးရှည်မှာ စိုးပြီး မဖော်ပြဖြစ်ပေမယ့် ဒီနဲရိုးရဲ့ Masterpieces ကားတွေထဲမှာ The King of Comedy (1982) ၊ GoodFellas (1990) ၊ The Untouchables (1987) ၊ Once Upon a Time in America (1984) ၊ The Irishman (2019) စတဲ့စတဲ့ ရုပ်ရှင်ကားတွေထဲကိုလည်း ချန်ထားလို့ မဖြစ်ပါဘူး။

Featured Photo: letterboxd