Romance ဆန်မှုဟာ အနုပညာရဲ့ပုံရိပ်လက္ခဏာတစ်ခုလို့ ဆိုနိုင်ပါတယ်။ ခေတ်အဆက်ဆက် အနုပညာအမျိုးမျိုးဟာ ချစ်ခြင်းသမုဒယကို အနုအလှဖွဲ့သီ တင်ဆက်ခဲ့ကြတာချည်းပါပဲ။ ရုပ်ရှင်ကားတွေထဲမှာလည်း ချစ်ခြင်းမေတ္တာအကြောင်းကို ညွှန်းဖွဲ့ခဲ့တဲ့ ရုပ်ရှင်တွေအများကြီး ရှိခဲ့ပြီး ဒီထဲက အကောင်းဆုံးလို့ ယူဆရတဲ့ Romance ကားတွေအကြောင်း မျှဝေပေးလိုက်ပါတယ်။

(၅) Harold And Maude (1971)

Harold And Maude (1971)

Photo: Timeout

ကျွန်တော်တို့ မမွေးခင်က ထွက်ခဲ့တဲ့ Romance ကားတစ်ကားဖြစ်တဲ့ Harold And Maude ဟာ တော်ရုံစိတ်နဲ့ ကြည့်ရဲမယ့်ရုပ်ရှင်မျိုး မဟုတ်ပါဘူး။ ဒီရုပ်ရှင်ဟာ လူအဖွဲ့အစည်းရဲ့ ဘောင်တွေကို ချိုးဖျက်ထားတဲ့ ဟစ်ပီခေတ်အငွေ့အသက်နဲ့လာတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ ဆယ်ကျော်သက်အရွယ်လူငယ်လေး ကော့တ်နဲ့ စိတ်နေသဘောထားထူးဆန်းတဲ့ အဘွားကြီး ဂေါ်ဒွန်တို့ တရားမဝင် အတူနေတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ လူမှုစံတွေအတွက် စိန်ခေါ်ချက်ဖြစ်ခဲ့သလို စိတ္တဇဆန်လွန်းတဲ့ ပြကွက်နဲ့ ဇာတ်သွားကို ထင်ထင်ရှားရှား ဖော်ပြထားပါတယ်။

(၄) Annie Hall (1977)

Annie Hall (1977)

Photo: Timeout

ဒါရိုက်တာ ဝူဒီအယ်လန်ကိုယ်တိုင် ရိုက်ကူး သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်ဟာ လမ်းခွဲခြင်းရဲ့ ခန္ဓာဗေဒစစ်ဆေးချက်တစ်ခုပါပဲ။ အကောင်းဆုံးရုပ်ရှင်ဓါတ်ပုံအော်စကာဆု ၊ ဒါရိုက်တာဆု ၊ ဇာတ်ညွှန်းဆု နဲ့ အမျိုးသမီးဇာတ်ဆောင်ဆုတွေ သိမ်းပိုက်သွားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို ဝူဒီအယ်လန်ရုပ်ရှင်လို့ပါ ခေါ်ရလောက်အောင် ဒါရိုက်တာရဲ့ အစွမ်းအစက အမွှမ်းတင်ကျန်ရစ်ခဲ့တဲ့ ရုပ်ရှင်ပါပဲ။
ဂျူးလူမျိုးဟာသသရုပ်ဆောင် အယ်လ်ဗီဆင်ဂါရဲ့ အချစ်ရေး နဲ့ အိမ်ထောင်ဘဝအကြောင်းကို ရိုက်ကူးထားပြီး အချစ်ရဲ့ အဓိပ္ပါယ်မဲ့မှုနဲ့ တချိန်တည်းမှာ သူ့ရဲ့ အရေးပါမှုကို ဖော်ညွှန်းသွားတယ်လို့ ဆိုနိုင်ပါတယ်။ ဒီရုပ်ရှင်ကို ကြည့်လို့ ပျော်ပါမယ် အာမမခံနိုင်ပါဘူး။ ဒါပေမယ့်လည်း ချစ်ခြင်းမေတ္တာရဲ့လှည့်စားမှုနဲ့ အမှားတွေကို မေးခွန်းထုတ်ရမယ့် ရုပ်ရှင်းတော့ ဖြစ်မယ်ဆိုတာ ပြောနိုင်ပါတယ်။

(၃) In The Mood For Love (2000)

In The Mood For Love (2000)

Photo: Timeout

In The Mood For Love ရုပ်ရှင်ကို ဒါရိုက်တာ ဝမ်ကာဝေ ရိုက်ကူးပြီး ဟောင်ကောင်နဲ့ ပြင်သစ်တွေမှာ ရိုက်ကူးခဲ့တာပါ။ အချစ်ရုပ်ရှင်လို့ ပြောရင် ဒီကားကို အထင်သေးရာရောက်ပါတယ်။ ဝမ်ကာဝေရဲ့ ဂန္တဝင်လက်ရာ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး ဂျာနယ်လစ် ချိုမိုဝမ် (တိုနီလောင်ချူးဝေ) နဲ့ သူ့ဇနီးဟာ ဟောင်ကောင်တိုက်ခန်းတစ်ခုကို ပြောင်းလာခဲ့ပါတယ်။ ချိုရဲ့ ဇနီးဟာ အလုပ်ကိစ္စနဲ့အပြင်ကို ခဏခဏ သွားရပါတယ်။ ဒီလိုနဲ့ ချိုဟာ သူတို့အနားမှာ နေတဲ့ ဆူလီဇန်း (မဂ္ဂီချောင်မန်းယွတ်ခ်) နဲ့ ဆုံဆည်းရာကနေ အချစ်ဇာတ်လမ်းတစ်ပုဒ်အဖြစ် ပေါ်ပေါက်လာခဲ့တာပါ။ စည်းခြားထားတဲ့သူတို့ရဲ့ အချစ်က ဖြစ်အပ်မဖြစ်အပ်ဆိုတာကတော့ ရုပ်ရှင်ကြည့်သူတွေ ကိုယ်တိုင်ပါဝင်ခံစားဝေဖန်ရမှာ ဖြစ်ပြီး အနုပညာမြောက်မှုကိုတော့ အနုပညာသမားတွေဘက်က တာဝန်ကျေတယ်လို့ ဆိုနိုင်ပါတယ်။

(၂) Casablanca (1942)

Casablanca (1942)

Photo: Timeout

စစ်ကြိုခေတ်က အနုပညာတွေဟာ ထူးဆန်းတဲ့ဓါတ်တစ်မျိုး ပါနေပါတယ်။ Casablanca ဟာ အဲ့ဒီမှော်ဓါတ်ပါနေတဲ့ ချစ်ခြင်းဘွဲ့ရုပ်ရှင်တစ်ကားပါပဲ။ ဒီထက်ပို ပြောရရင် လူတစ်ယောက်ကို အရာရာပေးပြီး ချစ်ရဲတဲ့လူတစ်ယောက်ရဲ့ စွန့်လွှတ်ခန်းပါပဲ။ အခုထိ Casablanca သီချင်းသံဟာ ကမ္ဘာအရပ်ရပ်မှာ လွင့်ပျံနေဆဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ ထူးအိမ်သင်က အဓိပတိလမ်းက ခြေရာများ အဖြစ် ပြန်လည်ပုံဖော်ခဲ့ပြီး မူရင်းသီချင်းကို Bertie Higgins က သီဆိုခဲ့တဲ့ Casablanca ကို ကြားဖူးကြမှာ မလွဲပါဘူး။
စစ်မီးတွေ ဘယ်လိုပဲတောက်တောက် ချစ်ခြင်းမေတ္တာကြောင့် လောင်မြိုက်မှုတွေကတော့ သံသရာဆုံးတဲ့အထိ ရှိနေမယ်ဆိုတာ Casablanca ကို ကြည့်ရင်း ခံစားရမိပါလိမ့်မယ်။

(၁) Brief Encounter (1945)

Brief Encounter (1945)

Photo: Timeout

ဗြိတိသျှ အချစ်အလွမ်းအသော ရုပ်ရှင်ကားဖြစ်တဲ့ Brief Encounter ကလည်း နှစ်ပေါင်း ၈၀ နီးပါး ကြာပြီဖြစ်တဲ့ ခေတ်ဟောင်းရုပ်ရှင်ကားတစ်ကားပါပဲ။ ဒီကားဟာ အိမ်ထောင်ကိုယ်စီနဲ့ လူနှစ်ဦးတို့ ချစ်မိသွားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ Casablanca လိုပဲ ဒုတိယကမ္ဘာစစ်မဖြစ်ခင်က ရိုက်ကူးခဲ့တဲ့ ကစားဖြစ်ပြီး ရထားဘူတာရုံတစ်ခုကနေ မဖြစ်သင့်တဲ့ချစ်ခြင်းနဲ့ ငြိစွန်းခဲ့သူတို့အကြောင်း ဖြစ်ပါတယ်။ ဒီကားကို သူ့ခေတ်သူ့အခါက အကောင်းဆုံးရုပ်ရှင်ကားတစ်ကားအဖြစ် သတ်မှတ်ခ့ဲသလို ဗြိတိန်ရုပ်ရှင်အင်စတီကျူ့ဒ်ကလည်း ခေတ်အဆက်ဆက် ဒုတိယမြောက်အကောင်းဆုံး ဗြိတိန်ရုပ်ရှင်ကားအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဒီရုပ်ရှင်တွေအပြင် ပရိသတ်တွေရင်ထဲ စွဲထင်ခဲ့တဲ့ Romance ရုပ်ရှင်ကားတွေထဲမှာ The Apartment (1960) ၊ Eternal Sunshine Of The Spotless Mind (2004) ၊ Gone With The Wind (1939) ၊ Letter From An Unknown Woman (1948) ၊ Call Me By Your Name (2017) ၊ Up ၊ Before Sunrise (1995) ၊ Before Sunset (2004) နဲ့ The Last Of The Mohicans (1992) တို့လည်း ပါဝင်နေပါတယ်။

Featured Photo: Southern Living