နည်းပညာသုတေသနနဲ့ အတိုင်ပင်ခံကုမ္ပဏီ Gartner ရဲ့ အချက်အလက်တွေအရ ၂၀၂၁ ပထမ ၉ လအတွင်း ကမ္ဘာတလွှားမှာ စမတ်ဖုန်းအလုံးရေ စုစုပေါင်း ၁.၀၄ ဘီလျံအထိ ရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ ၂၀၂၀ ပထမ ၉ လအတွင်း ရောင်းရတဲ့ပမာဏထက် အလုံးရေ ၈၈.၆ သန်းကျော် ပိုရောင်းချနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအတွင်းမှာ စမတ်ဖုန်းပစ္စည်းအစိတ်အပိုင်းတွေ ပြတ်လပ်ခဲ့တာကြောင့် ကမ္ဘာတဝှမ်း စမတ်ဖုန်းထုတ်လုပ်မှု ထိခိုက်ခဲ့သလို ဇူလိုင်-စက်တင်ဘာ တတိယသုံးလပတ်အတွင်း စမတ်ဖုန်းအရောင်းပိုင်းလည်း ကျဆင်းသွားခဲ့ပါတယ်။ ခြုံပြီး ပြောရရင် စမတ်ဖုန်းဈေးကွက်အနေအထားဟာ ၂၀၁၈ ၊ ၂၀၁၉ နဲ့ ၂၀၂၀ ထက်စာရင် ရောင်းအားကျသွားခဲ့တယ်လို့ ပြောနိုင်ပါတယ်။

စမတ်ဖုန်းဈေးကွက်အနေနဲ့ ကြီးစိုးထားတဲ့ ဖုန်းအမှတ်တံဆိပ်တွေအနေနဲ့ ကြည့်မယ်ဆိုရင်တော့ အောက်က စာရင်းအတိုင်း ထွက်လာပါတယ်။

(၁) Samsung

samsung galaxy z fold 2

Photo: Samsung

Samsung ဟာ ၂၀၁၂ ခုနှစ်ကစပြီး ကမ္ဘာ့အကြီးဆုံးဖုန်းကုမ္ပဏီအဖြစ် Nokia ရဲ့ ဖုန်းရောင်းအားကို ကျော်တက်နိုင်ခဲ့တဲ့ ကုမ္ပဏီပါ။ ၂၀၂၁ မှာလည်း Samsung ဟာ ကမ္ဘာ့အကြီးဆုံး ဖုန်းကုမ္ပဏီအဖြစ် မယိမ်းမယိုင် ရပ်တည်နိုင်ဆဲပါ။ ၂၀၂၁ ပထမ ၊ ဒုတိယနဲ့ တတိယသုံးလပတ်တွေမှာ Samsung ဟာ ဖုန်းအလုံးရေ ၇၆.၆ သန်း ၊ ၅၇.၆ သန်း နဲ့ ၆၉.၃ သန်းစီ ‌ရောင်းချနိုင်ခဲ့ပြီး ဈေးကွက် ဝေစုအနေနဲ့ ၂၂% ၊ ၁၈% နဲ့ ၂၀% စီ ပိုင်ဆိုင်ခဲ့ပါတယ်။

(၂) Apple

iPhone 13 Pro

Photo: Apple

Samsung ရဲ့ အနီးကပ်ဆုံးပြိုင်ဘက် Apple ဟာ လက်ရှိစမတ်ဖုန်းလောကရဲ့ ဒုတိယအင်အားအကြီးဆုံးကုမ္ပဏီအဖြစ် ရပ်တည်နေပါတယ်။ ၂၀၂၁ သုံးလပတ် ၃ ခုမှာ Apple ဟာ ဈေးကွက်ဝေစု ၁၇% ၊ ၁၅% နဲ့ ၁၄% စီ ရရှိထားပြီး ဖုန်းအလုံးအရေအားဖြင့် ၅၉.၅ သန်း ၊ ၄၈.၉ သန်း နဲ့ ၄၈ သန်းအထိ ရောင်းချနိုင်ခဲ့ပါတယ်။ ကိုဗစ်ကပ်အတွင်းမှာ iPhone သစ် ထုတ်လုပ်ရေးတွေလည်း မှန်းသလောက် ခရီးမပေါက်ခဲ့တာကြောင့် ရောင်းအားပါ ထိခိုက်လာတာလို့ ဆိုနိုင်ပေမယ့် အရင်နှစ်ကထက် ရောင်းအားပိုတက်ခဲ့တယ်လို့ အချက်အလက်တွေက ဖော်ပြနေပါတယ်။

(၃) Xiaomi

Xiaomi 12 Pro

Photo:xda-developers

အကျော်ကြားဆုံးစမတ်ဖုန်းကုမ္ပဏီတွေထဲက တစ်ခုဖြစ်လာတဲ့ တရုတ်ဖုန်းကုမ္ပဏီ Xiaomi ဟာ ဒီနှစ် ဒုတိယသုံးလပတ်ထဲမှာ ပထမဆုံးအကြိမ်အဖြစ် Apple ကို ကျော်တက်ပြီး ဒုတိယအကြီးဆုံးဖုန်း Brand တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဈေးကွက်ဝေစုအနေနဲ့ ပထမ ၊ ဒုတိယနဲ့ တတိယသုံးလပတ်အတွင်းမှာ ၁၄% ၊ ၁၆% နဲ့ ၁၃% စီ ရထားခဲ့ပါတယ်။ သုံးလပတ်အလိုက် ဖုန်းရောင်းအားဟာ ၄၈.၅ သန်း ၊ ၅၂.၅ သန်းနဲ့ ၄၄.၄ သန်းစီ ရှိခဲ့တာလည်း ဖြစ်ပါတယ်။

(၄) OPPO

oppo find n

Photo: digitaltrends

၂၀၂၁ ပထမသုံးလပတ် ၃ ခုအတွင်း OPPO ဟာ ဈေးကွက်ဝေစု ၁၁% ၊ ၁၀% နဲ့ ၁၀% စီ ရခဲ့ပြီး ‌ဖုန်းအလုံးရေ ၃၈ သန်း ၊ ၃၃.၆ သန်းနဲ့ ၃၃.၆ သန်း ရောင်းအားရှိခဲ့ပါတယ်။ ဈေးကွက်ဝေစုအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၈ စတုတ္ထသုံးလပတ်က ၇% ရှိခဲ့ရာကနေ အခုလို ဈေးကွက်ဝေစု မြင့်တက်လာတာပါ။

(၅) Vivo

vivo x70 pro plus

Photo: NDTV Gadgets 360

အမေရိကန်စီးပွားရေးပိတ်ဆို့မှုတွေကြောင့် Huawei ဖုန်းတွေ ရောင်းအားကျသွားချိန်မှာ တရုတ် Brands တွေထဲက Vivo ၊ OPPO နဲ့ Realme တို့လို BBK Electronics ပိုင် စမတ်ဖုန်းအမှတ်တံဆိပ်တွေ ရောင်းအားမြင့်တက်လာခဲ့ပါတယ်။ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်မှာ Vivo က စတုတ္ထရောင်းအားအကောင်းဆုံးဖုန်းကုမ္ပဏီအဖြစ် ရပ်တည်နေပါတယ်။ ၂၀၂၁ အတွက် ဇန်နဝါရီကနေ စက်တင်ဘာအထိ သုံးလပတ် ၃ ခုမှာ ဖုန်းအလုံးရေ ၃၅.၅ သန်း ၊ ၃၂.၆ သန်း နဲ့ ၃၃.၇ သန်းစီ ရောင်းချနိုင်ခဲ့ပြီး ဈေးကွက်ဝေစု ၁၀% စီ ရထားခဲ့ပါတယ်။

Featured Photo: NextPit