ခါးနာခြင်းသည် သင့်ကို ညဘက်တွင် ကောင်းကောင်းအိပ်စက်မရအောင် ဖြစ်စေသလို သင့်ရဲ့အိပ်စက်ပုံအနေအထား မမှန်ကန်ပါကလည်း ခါးနာခြင်းဝေဒနာကို ပိုမိုဆိုးရွားစေပါတယ်။
အိပ်ရေးဝဝအိပ်စက်ခြင်းသည် ကျန်းမာပျော်ရွှင်ပြီး လန်းဆန်းတက်ကြွသောဘဝကို ပိုင်ဆိုင်စေဖို့အတွက် အဓိကကျပါတယ်။ ဒါ့ကြောင့် ခါးနာခြင်းကို သက်သာပျောက်ကင်းစေဖို့အတွက် ညဘက်အိပ်စက်အနားယူတဲ့အခါ ဒီခန္ဓာကိုယ်အနေအထားအတိုင်း အိပ်စက်အနားယူသင့်ပါတယ်။
ပက်လက်အိပ်တတ်သူများအတွက်
ပက်လက်အိပ်တဲ့အခါ သင့်ဒူးခေါင်းအောက်တွင် ကိုယ့်ခေါင်းအုံးထက် မမြင့်စေမယ့်ခေါင်းအုံးသေးသေးလေးတစ်ခု ခံထားပါ။ ခါးအောက်တွင်တော့ စောစောက ဒူးခေါင်းအောက်တွင် ခံထားတဲ့ ခေါင်းအုံးအသေးထက် ပိုပါးတဲ့ စောင်ပါးပါးလေးပဲဖြစ်ဖြစ် ခံထားပေးလိုက်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့ ဦးခေါင်း၊ လည်ပင်းနဲ့ ကျောရိုးများသည် နိမ့်ချည်မြင့်ချည်ဖြစ်မသွားတော့တာကြောင့် ခါးနာခြင်းဝေဒနာကို သက်သာပျောက်ကင်းသွားစေပါလိမ့်မယ်။
ဘေးတစောင်းအိပ်တတ်တဲ့ ယောကျာ်းများအတွက်
ဘေးတစောင်း လှဲအိပ်သူများသည် ခါးအောက်ပိုင်းတစ်ဝိုက် နာကျင်ခြင်းကို ခံစားရတတ်ကြပါတယ်။ ဒါဆိုရင်တော့ သင့်ရဲ့ခြေထောက်နှစ်ခုကြားထဲသို့ ဖက်လုံးအသေးတစ်ခု ထည့်ကာ ခွထားပေးလိုက်ပါ။ ခါးအောက်နားတွင်တော့ ခေါင်းအုံးအပါးလေးပဲဖြစ်ဖြစ်၊ စောင်အပါးတစ်ထည်ပဲဖြစ်ဖြစ် ခံထားကာ အိပ်စက်အနားယူနိုင်ပါတယ်။
ဝမ်းလျားမှောက်အိပ်တတ်သူများအတွက်
ဝမ်းလျားမှောက်အိပ်ခြင်းကိုတော့ မတတ်သာတဲ့အဆုံးမှ ရွေးချယ်သင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ခါးနာခြင်းကို ပိုမိုဆိုးရွာလာစေလို့ပါပဲ။ ဒါ့အပြင် ဝမ်းလျားမှောက်အိပ်ပြီး မျက်နှာကိုတစ်ဖက်တည်းကို လှည့်ထားရတဲ့အခါ လည်ပင်းနာခြင်း၊ ပုခုံးနာခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။
ဒါပေမဲ့ သင့်အနေနဲ့ ဝမ်းလျားမှောက်အိပ်တတ်တဲ့အကျင့်ကို မဖျောက်ဖျက်နိုင်ဘူးဆိရင်တော့ ဝမ်းဗိုက်အောက်တည့်တည့်တွင် ခေါင်းအုံးသေးသေးလေးတစ်လုံး ခံအိပ်နိုင်ပါတယ်။
သင့်အနေနဲ့ ခါးနာခြင်းကို သက်သာပျောက်ကင်းစေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ချင်တယ်ဆိုရင်တော့ သင့်ရဲ့မွေ့ယာကိုလည်း စစ်ဆေးသင့်ပါတယ်။ သင့်မွေ့ယာက နူးညံ့လွန်းတဲ့အခါ သင်သည် မွေ့ယာထဲ မြှုပ်သွားပြီး သင် အိပ်စက်နေစဉ်မှာ အရိုးအဆစ်များကို အနေအထားလွဲသွားစေပါတယ်။ ဒါ့အပြင် သက်တမ်း ၇ နှစ်ထက် ကျော်လွန်သော မွေ့ယာများ၊ မာကျောလွန်းသော မွေ့ယာများ၊ အနိမ့်အမြင့်မညီသော မွေ့ယာများသည်လည်း သင့်ရဲ့ခါးနာခြင်းဝေဒနာကို ပိုမိုဆိုးရွားလာစေပါသေးတယ်။
Source: Losethebackpain.com
Featured Image Source: Sleepnaturalnow.com