အရှေ့တောင်အာရှတလွှားဟာ ယဉ်ကျေးမှုနဲ့ လူမှုဘဝစုံလင်ဆန်းပြားတဲ့ ဒေသဖြစ်သလို ထူးခြားတဲ့ အစားအသောက်တွေလည်း ပေါများတဲ့ နယ်မြေတစ်ခုပါပဲ။ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ‌နေ့စဉ်ဘဝမှာ လမ်းဘေးစားသောက်ဆိုင် Street Foods တွေက နက်နက်ရှိုင်းရှိုင်း တိုးဝင်နေသလို Street Foods အားပေးမှုကလည်း တခဲနက်လို့ ဆိုရမှာပါ။ တကယ်လို့ အရှေ့တောင်အာရှနိုင်ငံတွေဆီ ရောက်ဖြစ်ရင် စားဖြစ်အောင်စားသင့်တဲ့ ဒေသအလိုက် နာမည်ကျော်Street Foods တွေအကြောင်း မျှဝေပေးချင်ပါတယ်။

(၁) Boat Noodles (ထိုင်း)

Boat_noodles

Photo: Wikipedia

ထိုင်းသင်္ဘောသီးထောင်းလိုပဲ ကွေ့တီယိုလို့ ခေါ်ကြတဲ့ ထိုင်းရိုးရာ လမ်းဘေးခေါက်ဆွဲစွပ်ပြုတ်က ထိုင်းရဲ့ နာမည်ကျော်စားသောက်စရာတစ်ခုပါပဲ။ ဝက်သွေး အဓိက ပါဝင်တဲ့ ကွေ့တီယိုခေါက်ဆွဲတွေကို Boat Noodle လို့ ခေါ်ရတဲ့ အကြောင်းက ဘန်ကောက်မှာရှိတတ်တဲ့ တူးမြောင်းတစ်လျှောက်က လှေလေးတွေပေါ်မှာ ရောင်းခဲ့လို့ပါပဲ။ နောက်တော့ ကွေ့တီယိုဟာ ဘန်ကောက်ကို ကျော်လွန်ပြီး အများနှစ်ခြိုက်တဲ့ Street Food တစ်ခု ဖြစ်လာခဲ့ပါတယ်။

(၂) Sticky Rice (ဗီယက်နမ်)

xoi-xeo-vietnam

Photo: Vina

xôi လို့ ခေါ်တဲ့ ဗီယက်နမ်စတိုင် ဆီထမင်းဟာ ကောက်ညင်းလို ဆန်စေးနဲ့ ချက်လုပ်ထားတာ ဖြစ်ပြီး အချို/အငံအရသာ ရှိပါတယ်။ မြောက်ပိုင်း ဗီယက်နမ်မှာ အတွေ့များပြီး ဆန်နဲ့ ပြောင်းဖူးတို့ကို ပဲစိမ်းစေ့နဲ့ ကြက်သွန်နီဥသေးကြော်တို့ ပေါင်းပြီး ချက်ထားတာပါ။ အငံအရသာအတွက်ဆို ဆန် ၊ ပုဇွန်ခြောက် ၊ ကြက်သွန်မြိတ် နဲ့ တရုတ်ဝက်အူချောင်းတို့နဲ့ သုံးပြီး ပြင်ဆင်ပါတယ်။

(၃) Roll Cake (ဗီယက်နမ်)

Banh Cuon-steamed rice roll

Photo: runawayrice

နောက်ထပ် ဆန်နဲ့ လုပ်တဲ့ မုန့်တစ်မျိုးက ဗီယက်နမ်လို Bánh Cu?n လို့ ခေါ်တဲ့ ဆန်မုန့်ပါ။ အနောက်နိုင်ငံ ဆန်းဒွစ်ချ်လိုပဲ ဌာပနာမုန့်တစ်မျိုးဖြစ်ပြီး ကိတ်လိတ်လေးတွေပုံစံနဲ့ အထဲမှာ ဝက်သားတို့ ပေါင်းထမင်း ၊ ငါးချဉ်စပ် ၊ ပဲသီး အစာပလာတွေနဲ့ လိပ်ပါတယ်။ တွန်းလှည်းလေးတွေနဲ့ ရောင်းတဲ့ အစားအစာဖြစ်ပြီး အိပျော့ပျော့လေးနဲ့ စားကောင်းတယ်လို့ နာမည်ကျော်ပါတယ်။

(၄) လက်ဖက်သုတ် (မြန်မာ)

Laphet Thoke

Photo: SFGATE

မြန်မာနိုင်ငံက နာမည်ကျော် အစားအသောက်တွေထဲမှာ Street Food အနေနဲ့ ညွှန်းလေ့ရှိတာက မုန့်ဟင်းခါးနဲ့ လက်ဖက်သုတ်ဖြစ်ပါတယ်။ အချိူမှုန့် သိပ်မပါဘဲ လက်ဆမှန်မယ်ဆိုရင် ချဉ်ငံစပ်အရသာနဲ့ လက်ဖက်သုတ်ဟာ စားချင့်စဖွယ်ပါပဲ။ လက်ဖက်သုတ်တစ်ပွဲမှာ လက်ဖက် ၊ မြေပဲဆံ ၊ ငရုတ်သီးစိမ်း ၊ ခရမ်းချဉ်သီး ၊ သံပရာသီးနဲ့ ပုဇွန်ခြောက်/ကြက်သွန်ကြော်/ကြက်သွန်ဖြူ စတဲ့ ပါဝင်ပစ္စည်းတွေ ထည့်သုံးကြပါတယ်။

(၅) တရုတ်စတိုင်အကင်မျိုးစုံ (မြန်မာ)

Taste Myanmar Beer and BBQ

Photo:  TripAdvisor

ရန်ကုန် ၁၉ လမ်း တရုတ်တန်းဟာ အစားအသောက်ဆန်း ကြိုက်သူတို့အတွက် စားကျက်ကြီးအဖြစ် နာမည်ကြီးပါတယ်။ ဘီယာဆိုင်တွေနဲ့အတူ တွဲမြင်ရလေ့ရှိတဲ့ Street Food တစ်မျိုးက တွန်းလှည်းနဲ ရောင်းလေ့ရှိတဲ့ တရုတ်စတိုင် အကင်စုံ ဖြစ်ပါတယ်။ အသားငါးအသီးအရွက် ပုဇွန်ပင်လယ်စာ အကင်မျိုးစုံဟာ ဘီယာအေးအေးတစ်ခွက်ကို ပိုအရသာမြှင့်ပေးနိုင်တဲ့ အမြည်းအမယ်ကောင်းတစ်မျိုးလို့လည်း ပြောရမှာ ဖြစ်ပါတယ်။

Featured Photo: Myanmar Matters