ပျင်းစိတ်ဟာဘဝမှာ အဆင့်ဆင့် တိုးတက်နိုင်စေတဲ့ ကိုယ့်ရဲ့ စွမ်းရည်တွေအတွက် မူးယစ်ထုံထိုင်းဆေးတစ်မျိုးပါပဲ။ ပျင်းရိတဲ့ စိတ်ကြောင့် အလုပ်ကို နောက်ဆုံးမိနစ်ရောက်မှ အသည်းအသန် ကပ်လုပ်တယ်။ မလိုအပ်ဘဲ အချိန်နဲ့ စွမ်းဆောင်ရည်တွေ ဖြုန်းတီးပစ်တယ်။

ပျင်းတဲ့ စိတ်မှာ ကောင်းတဲ့ အကွက်လို့ မရှိပါဘူး။ နောက်တစ်ခုက ပျင်းရိခြင်းဟာ ပြင်လို့ရတဲ့ စရိုက်ဆိုး ဉာဉ်ဆိုးတစ်ခု ဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က အပျင်းကြီးတဲ့သူ ဖြစ်ပြီး ဝီရိယကောင်းသူတွေနဲ့ ပုခုံးချင်း ယှဉ်ဖို့ဆိုရင် အစီအစဉ် လိုပါတယ်။

(၁) အရေးကြီးတဲ့အရာကို အရင်ဆုံးအာရုံစိုက်ပါ

Photo: Pixabay

အပျင်းလည်း ကြီးသေး ၊ အလုပ်လည်း တွင်ချင်သေးတယ်ဆိုရင် ဘယ်ဟာကို အရင်လုပ်ရမလဲဆိုတဲ့ Priority ထားတဲ့ အကျင့် လုပ်ထားသင့်ပါတယ်။ဖင့်နွှဲတတ်သူတွေအတွက် အကောင်းဆုံး အဖြေက လက်တလော လုပ်ရမယ့် အလုပ်တွေထဲက အရေးကြီးဆုံးဆိုတဲ့ အလုပ်ကို အရင်လုပ်တတ်တဲ့ အလေ့အထပါပဲ။

Priority case ထားခြင်းဟာ အချိန်ကို ထိထိရောက် အသုံးချရာ ရောက်သလို ပင်ပန်းနွမ်းနယ်ခြင်းမရှိဘဲနဲ့ ဦးနှောက်စားတဲ့ ကိစ္စတွေကို အမြန်ဆုံး ရှင်းပြီးသား ဖြစ်သွားမှာပါ။

(၂) နိုးကြားစိတ်မွေး ၊ အလုပ်ပေးပါ

Photo: Unsplash

ပျင်းတာကို မကောင်းမှန်းလည်း သိထားတာပဲလေ။ ဒါပေမယ့် ငြီးငွေ့တဲ့အဆင့်ထိ ရောက်လာရင် ပိုသတိထားပေးဖို့ လိုပါတယ်။ ဒီအကျင့်ဆိုးကို တိုက်ဖျက်ဖို့ နိုးကြားတက်ကြွတဲ့ စိတ်ထားမွေးဖို့ လိုပါတယ်။ နိုးကြားထက်သန်တဲ့ စိတ်ဖြစ်ဖို့ ကိုယ့်ဘဝမှာ ဖြစ်ချင်တဲ့ အောင်မြင်မှုကို စိတ်မျက်စိမှာ မြင်နေပါစေ။အပြုသဘောမြင်တဲ့ စိတ်နှိုးစက်ကို ခေါင်းထဲမှာ ထည့်ထားပါ။

အခုနေခါ အပျင်းမကြီးလိုက်ရင် ရလာမယ့် အကျိုးကျေးဇူးတွေကို စဉ်းစားထားပါ။ အပျင်းကြီးမိလို့ ဆုံးရှုံး လက်လွတ်မယ့်အရာတွေ ၊ ရလာမယ့် နောင်တတွေအကြောင်း ကြိုပြီး တွက်ထားဖို့လိုပါတယ်။ကိုယ့်ကို ဝီရိယတက်လာအောင် ပံ့ပိုးပေးမယ့် လူတွေနဲ့ အတူနေထိုင်ပါ။ ကိုယ့်ရဲ့ အမြင့်ကို သွားမယ့် Plan အကြောင်းကို သူငယ်ချင်း မိတ်ဆွေတွေကို ပြောပြဖို့ Motivation ကို မွေးယူပါ။

(၃) ပျင်းရိမှုကို အနိုင်ယူဖို့ ခန္ဓာကိုယ်ကို ဂရုစိုက်ပါ

Photo: Pexels

ပျင်းရိတဲ့ စိတ်ဟာ သင့်ရဲ့ ပင်ကိုယ်ဓါတ်ခံ မဟုတ်နိုင်ပါဘူး။ တစ်ခါတစ်လေမှာ ဒါဟာ ခန္ဓာကိုယ်က မလိုက်နိုင်တာလည်း ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်နေပြီဆိုရင် ကိုယ် သတိထားမိသည် ဖြစ်စေ မထားမိသည် ဖြစ်စေ လူက နှုန်းပြီး မလှုပ်ချင် မကိုင်ချင်နဲ့ တစ်နေရာရာမှာ ခွေလှဲချင်စိတ် ဖြစ်လာတတ်ပါတယ်။

ဒါကြောင့် သင့်ရဲ့ ရုပ်ခန္ဓာကိုယ်ကိုလည်း ကျန်းမာရွှင်လန်းအောင် ဂရုစိုက်ပေးမယ်ဆိုရင် တော်ရုံ ငြီးငွေ့ ပျင်းရိတာမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး။ အထူးသဖြင့် ငြီးငွေ့ခြင်းဟာ ပျင်းရိမှုထက် ပိုပြီး ကြောက်စရာကောင်းပါတယ်။

ငြီးငွေ့ထိုင်းမှိုင်းမှု မဖြစ်အောင် ကိုယ်ကာယလှုပ်ရှားမှု လုပ်တာ ၊ အဖွဲ့အစည်းတွေနဲ့ ပရဟိတလုပ်ငန်းတွေမှာ ပါဝင်တာမျိုး လုပ်ဖို့ အကြံပြုချင်ပါတယ်။ ကိုယ့်ကိုယ်ကို လူ့အဖွဲ့အစည်းအတွက် အသုံးချခြင်းဟာ လူတစ်ယောက်ရဲ့ လူရာဝင်မှုနဲ့ လူ့ဘဝပေါ် ရောင့်ရဲကျေနပ်မှုအတွက် အဖြေတစ်ခုလည်း ဖြစ်ပါတယ်။

(၄) Deadline ထားပါ

Photo: Unsplash

ကိုယ်က ပျင်းတယ်ဆိုရင် ဉာဏ်ပိုသုံးဖို့ အကြံပြုချင်ပါတယ်။ ဘယ်အလုပ်ကို ဘယ်အချိန်မှာ ပြီးအောင် လုပ်မယ်ဆိုတဲ့ ကိုယ့်ကိုယ်ကို တာဝန်ပေးမှုလုပ်ပြီး အဲဒီအလုပ်ပြီးမြောက်သလား မမြောက်သလားဆိုတာဟာ ကိုယ့်ကိုယ်ကို ဘယ်လောက် တာဝန်ကျေပြီး အလုပ်လုပ်ဖြစ်လဲဆိုပြီး အကဲဖြတ်နိုင်မှာပါ။

သင့်မှာ အနားယူရမယ့် အချိန်ဆိုတာ ရှိသလို လှုပ်ရှားရမယ့် အခါလည်း ရှိတယ်ဆိုတာ မမေ့ဖို့းနဲ့ အဲဒီသတိကပ်မှုကို အလုပ်ပြီးမြောက်အောင်မြင်သွားတဲ့ အချိန်အထိ သယ်သွားဖို့ အရေးကြီးပါတယ်။

(၅) အိုင်ဆင်ဟောင်ဝါနည်း သုံးပါ

Photo: Pexels

ဒုတိယကမ္ဘာစစ်တုန်းက မဟာမိတ်တပ်ရဲ့ စစ်ဦးစီးချုပ်ဖြစ်ခဲ့သူ အမေရိကန်ရဲ့ ၃၄ ဆက်မြောက် သမ္မတ ဒွိုက်အိုင်ဆင်ဟောင်ဝါ သုံးခဲ့တဲ့ နည်းပါ။ သူစစ်တပ်ကို ကွပ်ကွဲချိန်က သုံးခဲ့တဲ့ လေးကွက်ပတ်လည် Matrix ဇယားကွက် ဆုံးဖြတ်နည်း ဖြစ်ပါတယ်။ ကမ္ဘာစစ်အတွင်း တိုက်ပွဲတွေမှာ ကြီးကြပ်ခဲ့သူ စစ်ဦးစီးတစ်ဦးအနေနဲ့ ထောင်နဲ့ သောင်းနဲ့ ချီတဲ့ တပ်ဖွဲ့တွေကို ဘယ်နေရာ ဘယ်အချိန်မှာ ဘယ်ကို စေလွှတ်ရမလဲ စဉ်းစားချိန်က သုံးခဲ့တာလို့ ဆိုပါတယ်။

ပထမ ဇယားမှာ – အရေးကြီးပြီး အမြန်လုပ်ရမယ့် အလုပ် ၊ ဒုတိယဇယားကွက်မှာ – အရေးကြီးပေမယ့် အရင်စလို လုပ်စရာမလိုတဲ့ အလုပ် ၊ တတိယဇယားကွက်မှာ – အရေးမကြီးပေမယ့် အခုချက်ချင်းလုပ်ရမယ့် အလုပ် နဲ့ စတုတ္ထဇယားမှာ – အရေးမကြီးဘူး အလျင်လည်း မလိုဘူးဆိုတဲ့ အလုပ်တွေ ပါရှိပါတယ်။

ဒီဆုံးဖြတ်ချက် ဇယား ၄ ကွက်ထဲမှာ ရှိတဲ့ အလုပ်တွေကို ဦးစားပေးအစီအစဉ်အတိုင်း လုပ်ဆောင်ခဲ့တာကြောင့် သူဟာ စစ်အတွင်းမှာ မဟာမိတ် တပ်ပေါင်းစုတွေကို အောင်အောင်မြင်မြင် ထိန်းကျောင်း ကွပ်ကဲနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ သင်တို့လည်း ဒီနည်းသုံးပြီး ကိုယ်လုပ်တဲ့ အလုပ်တွေကို ထိရောက်အောင်မြင်အောင် လုပ်ဆောင်နိုင်မှာပါ။