စမတ်ဖုန်း ၊ အင်တာနက်နဲ့ လူမှုကွန်ရက်တွေကြောင့် ဒီနေ့ခေတ်မှာ လူတွေဟာ လှုပ်ရှားမှုပိုနည်းလာကြပါတယ်။ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်းရဲ့ အကျိုးဆက်ကြောင့် အဆီတက်ပြီး အဝမြန်တဲ့ ကိုယ်ခန္ဓာ ပိုင်ရှင်တွေ ဖြစ်လာကြပြိး ကျန်းမာရေးအရလည်း ထိခိုက်မှုတွေ များသထက် များလာပါတယ်။

ကျန်းမာတောင့်တင်းတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှုရဖို့ Gym ရုံသွားပြီး ကစားပေးသင့်ပါတယ်။ တကယ်လို့ Gym လည်း မသွားနိုင်ဘူး ဆိုရင်တော့ အခုပြောမယ့် အလေ့အထကောင်းလေးတွေ ကျင့်သုံးပေးဖို့ လိုပါတယ်။

(၁) အသောက်အစား ဂရုထားပါ

Photo: Pexels

အစားအသောက်ဟာ လူကို ပုံသွင်းပေးနိုင်ပါတယ်။ တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအသောက်နဲ့ အသင့်စား Fast Food တွေ စားသုံးခြင်း ၊ အချိုနဲ့ အရက်ဘီယာ သောက်သုံးခြင်းဟာ ကိုယ်ခန္ဓာ ပုံပျက်စေပါတယ်။ ထုတ်ပိုးပြီး လာတဲ့ အသင့်စား အစားအသောက်တွေမှာ အာဟာရဓါတ်နည်းပညားပြီး အဆီနဲ့ သကြားလိုမျိုး မလိုအပ်တဲ့ ကယ်လိုရီတွေ မြင့်မားလို့ ရှောင်ရှားသင့်ပါတယ်။

လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ ပိုစားပေးသင့်ပါတယ်။ ပဲအမျိုးမျိုး ၊ နို့နဲ့ ကြက်ဥအပြင် ဂျုံနဲ့ ပေါင်မုန့်ကြမ်းတွေ ပုံမှန်စားပေးသင့်သလို ဟင်းလျာတွေကို ကိုယ်တိုင် ချက်ပြုတ်စားတဲ့ အလေ့အကျင့်ကို မွေးယူသင့်ပါတယ်။

(၂) တတ်နိုင်သမျှ ရေများများသောက်ပါ

Photo: Unsplash

ရေဟာ ခန္ဓာကိုယ်ထဲက မလိုအပ်တဲ့ အဆီနဲ့ အဆိပ်အတောက်တွေ ဖယ်ရှားပေးနိုင်သလို ခန္ဓာကိုယ်တွင်းစနစ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ရေကို လုံလုံလောက်လောက် သောက်သူဟာ အသားအရေ ပိုမိုကြည်လင်ပြီး ကိုယ်တွင်းအပူချိန်ဓါတ် မှန်ပါတယ်။ကိုယ်နဲ့ လက်လှမ်းမီတဲ့ တစ်နေရာမှာ ရေသန့်တစ်ဗူး အမြဲရှိနေဖို့ လိုပါတယ်။ ရေနည်းနည်း ဆာတယ် ခံစားရတိုင်း ရေသောက်ဖို့မမေ့ပါနဲ့။

(၃) လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

Photo: Pexels

Gym သွားစရာမလိုဘဲ အိမ်မှာတင် လုပ်လို့ရတဲ့ ကိုယ်ကာယလေ့ကျင့်ခန်းတွေ အများကြီး ရှိပါတယ်။ အနည်းဆုံး ဒိုက်ထိုးတာ ၊ အနှေးပြေးတာနဲ့ Belly ကစားတာတွေ လုပ်နိုင်ပါတယ်။ အရေးကြီးတာက ကိုယ်တွင်းအဆီ လောင်ကျွမ်းဖို့ ကိုယ်လက် လှုပ်ရှားမှု နေ့စဉ် ပြုလုပ်ဖို့ပါပဲ။

(၄) အိပ်စက်ချိန် မှန်ပါစေ

Photo: Unsplash

ကျန်းမာတဲ့ အိပ်စက်မှုပုံစံဟာ အတော်လေး အရေးကြီးပါတယ်။ အိပ်စက်မှုနဲ့ ပတ်သက်ပြီး ကျန်းမာတဲ့ အလေ့က တစ်ညကို ၇ နာရီ ဒါမှမဟုတ် ၈ နာရီ အိပ်ပေးဖို့ပါပဲ။ အိပ်ရေးပျက်များတဲ့သူဟာ ကိုယ်ကာယပိုင်းပါ ပုံစံပျက်လာသလို စိတ်ခံစားမှုပိုင်းပါ ထိခိုက်လာနိုင်ပါတယ်။