Marvel စူပါဟီးရိုးတွေထဲမှာ အောင်မြင်မှုတွေ ရခဲ့တဲ့ Black Panther မင်းသား ချက်ဝစ်ဘို့စ်မန်း (၄၃နှစ်) ဟာ ၄ နှစ်ကြာ ခံစားခဲ့ရတဲ့ ကင်ဆာရောဂါကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။ မင်းသားကြီး ချက်ဝစ်ဘို့စ်မန်းဟာ လော့စ်အိန်ဂျလိစ်နေအိမ်မှာ ကွယ်လွန်သွားတာ ဖြစ်တယ်လို့ ကျန်ရစ်သူမိသားစုရဲ့ လူမှုကွန်ရက်ပေါ်က ထုတ်ပြန်ချက်က ဆိုပါတယ်။ ဘို့စ်မန်းဟာ ၂၀၁၆ ခုနှစ်မှာ အူမကြီးကင်ဆာရောဂါစတင်ခံစာခဲ့ရပြီး လူသိရှင်ကြား ထုတ်ဖော်ပြောကြားမှုမျိုး မလုပ်ခဲ့ပါဘူး။

Photo: Bloomberg

မင်းသားဘို့စ်မန်း သေဆုံးပြီဆိုတဲ့ သတင်းကြောင့် မာဗယ်လ်ပရိတ်သတ်နဲ့ ရုပ်ရှင်လောကဟာ အတော်လေး တုန်လှုပ်သွားကြပါတယ်။ Get Out ဇာတ်ကားဒါရိုက်တာ ဂျော်ဒန်ပီးလီကလည်း ရုပ်ရှင်လောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုလို့ ပြောပါတယ်။

“Marshall ကနေ Da 5 Bloods ဇာတ်ကားတွေအထိ ဩဂတ်စ်ဝီလ်ဆင်ရဲ့ Ma Rainey’s Black Bottom ကားအပါအဝင် ရုပ်ရှင်ကားအမြောက်အများကို သရုပ်ဆောင်ခဲ့ပြီး ဒီရုပ်ရှင်အားလုံးကို မရေတွက်နိုင်လောက်တဲ့ ခွဲစိတ်ကုသမှုတွေနဲ့ Chimo ဆေးသွင်းမှုတွေ လုပ်ရင်းရိုက်ခဲ့တာပါ။

Black Panther မှာ King T’Challa အဖြစ် သရုပ်ဆောင်ခဲ့တာဟာ သူ့အတွက် ဂုဏ်ယူစရာပါပဲ”လို့ မိသားစုရဲ့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။ဘို့စ်မန်းဟာ အတ္တုပ္ပတ္တိရုပ်ရှင်တွေနဲ့ လူသိများလာတာပါ။ ၂၀၁၃ ခုနှစ်မှ နာမည်ကျော် ဘတ်စကတ်ဘောကစားသမား ဂျက်ကီရော်ဘင်ဆန် အကြောင်း ရိုက်ကူးတဲ့ 42 နဲ့ အဆိုတော် ဂျိမ်းစ်ဘရောင်းအကြောင်း ၂၀၁၄ ခုနှစ်မှာ ရိုက်တဲ့ Get On Up တို့ ဖြစ်ပါတယ်။

Photo: DNA India

ငွေကြေးအရ အအောင်မြင်ဆုံးနဲ့ သူ့ကို လူသိအများဆုံးဖြစ်စေတာက ၂၀၁၈ မှာ ထွက်ရှိလာတဲ့ Black Panther ပါ။ ကမ္ဘာ့အဆင့်မြင့်ဆုံးနည်းပညာတွေ လျှို့ဝှက်ပိုင်ဆိုင်ထားတဲ့ ဝါကန်ဒါဆိုတဲ့ အာဖရိကနိုင်ငံလေးရဲ့ ဘုရင်အဖြစ်ပါ။ တစ်ကမ္ဘာလုံး ရုပ်ရှင်ကနေ ဒေါ်လာ ၁.၃ ဘီလျံကျော် ဝင်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ Wakanda Forever သင်္ကေတနဲ့အတူ နာမည်ကြီးခဲ့တဲ့ မင်းသားကြီးဟာ အသက် ၄၃ နှစ် အရွယ်ကောင်းလေးမှာ အနိစ္စရောက်ခဲ့ပြီ ဖြစ်ပါတယ်။