လူသိနည်းတဲ့ အမေရိကန်ဖုန်းကုမ္ပဏီ BLU က ကုမ္ပဏီရဲ့ပထမဆုံး 5G ဖုန်းကို ကြေညာလိုက်ပါတယ်။ BLU F91 5G ဟာ ကုမ္ပဏီရဲ့ ပထမဆုံး 5G ဖုန်းဖြစ်ပြီး အမေရိကန်ဈေးကွက်မှာ မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ တန်ဖိုးသင့် 5G ဖုန်းတစ်လုံး ဖြစ်ပြီး MediaTek Dimensity 810 Chipset နဲ့ လာပါတယ်။ RAM 8GB/128GB Storage ပါပြီး 256GB Storage အထိ ထပ်တိုးနိုင်တဲ့ microSD Card slot တစ်ခုလည်း ထည့်ထားပါတယ်။ Central Punch-Hole Screen ဒီဇိုင်းသုံးထားပြီး ကျောဘက်မှာ ထောင်လိုက်စတုဂံကင်မရာအိမ်နဲ့ လေးလုံးတွဲကင်မရာ တပ်ဆင်ထားပါတယ်။

BLU F91 5G

Photo : GSMArena

မျက်နှာပြင်ဆိုဒ် ၆.၈ လက်မ FHD+ Display မှာ Face Unlock လုပ်နိုင်မယ့် 16MP Selfie ကင်မရာ သုံးထားပါတယ်။ ဖုန်းကိုယ်ထည်ဘေးဘောင်မှာ လက်ဗွေဖတ်စနစ် ထည့်ပေးထားပါတယ်။ ကျောဘက်မှာ 48MP Samsung GM1 Sensor ၊ ၁၁၅ ဒီဂရီ မြင်ကွင်းကျယ်ရိုက်ကူးနိုင်တဲ့ 5MP Sensor ၊ 2MP Macro ကင်မရာနဲ့ 2MP Depth Sensor တို့ ပါရှိပါတယ်။ Main Camera ဟာ ညဘက်ရိုက်ချက်တွေ ပုံထွက်ကောင်းစေဖို့ Multi-Frame Noise Reduction ပါ Night Mode တစ်ခုလည်း ထောက်ပံ့ပေးထားပါတယ်။

BLU F91 5G မှာ သုံးထားတဲ့ 5000mAh ဘက်ထရီဟာ ပုံမှန်သုံးဖို့ဆို ၃ ရက်အထိ အားခံမယ်လို့ ကုမ္ပဏီက ကြေညာပါတယ်။ ဖုန်းအားသွင်းမှုအနေနဲ့ 18W Fast Charging နဲ့ 10W Wireless Charging စနစ် ပံ့ပိုးမှု ပါရှိပါတယ်။ နောက်ထွက် Mid-Ranger ဖုန်းတချို့နဲ့ မတူတာက ဖုန်းဗူးထဲမှာ Charger ထည့်ပေးထားတာ ဖြစ်ပါတယ်။ ဈေးနှုန်း ဒေါ်လာ ၃၀၀ သတ်မှတ်ထားပေမယ့် ကနဦးရောင်းချမှုအတွက် လက်ရှိဈေး ဒေါ်လာ ၂၀၀ နဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။

Featured Photo : daystech