ယနေ့ခေတ် လူငယ်တွေကြားမှာ ခန္ဓာကိုယ်အရေပြားပေါ်က အနုပညာတစ်ခုဖြစ်တဲ့ တက်တူးထိုးခြင်းနဲ့ အတူ Body Piercing လုပ်ခြင်းဟာလည်း အပြိုင်ရေပန်းစားလို့လာပါတယ်။ Body Piercing ဆိုတာကတော့ လွယ်လွယ်ပြောရရင် ခန္ဓာကိုယ်ပေါ်မှာ အပေါက်ဖောက်ခြင်းပါ။ Piercing လုပ်တာကို လူတော်တော်များများ ကန့်ကွက်ရှုံ့ချခဲ့ပေမယ့် ဒီဘက်ခေတ်မှာတော့ တက်တူးလိုပဲ တဖြည်းဖြည်း လက်ခံလာကြပြီပဲဖြစ်ပါတယ်။ အာဖရိကနဲ့ အမေရိကန်လူမျိုးစုတွေကတော့ ယဉ်ကျေးမှုအတွက် ခန္ဓာကိုယ်ပေါ်မှာ အပေါက်ဖောက်ကာ ရတနာအဆင်တန်ဆာတွေနဲ့ အလှဆင်ခြင်းကို လွန်ခဲ့တဲ့ရှေးနှစ်ပေါင်းများစွာကတည်းကပင်  ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

Source : BrianaDragon Creations

တစ်ချို့သောနိုင်ငံများမှာတော့ ဘာသာရေးဆိုင်ရာအယူအဆများ၊ ယဉ်ကျေးမှုဆိုင်ရာ အဆင်တန်ဆာများအပြင် လိင်ပိုင်းဆိုင်ရာအပျော်အပါးမှုအတွက်ပါ Piercing လုပ်ခြင်းကိုပြုလုပ်ကြတာဖြစ်ပါတယ်။ တစ်ချို့ကျတော့လည်း ယုံကြည်မှုအတွက်ပြုလုပ်ကြသလို တစ်ချို့ကလည်း ခေတ်ရေစီးကြောင်းနဲ့အညီ ဖန်စီဆန်ဆန် ဖောက်လာကြတာတွေလည်းရှိပါတယ်။ ဒီဘက်ခေတ်မှာတော့ Piercing ပြုလုပ်ခြင်းကို လူငယ်တွေအများစု သဘောကျနှစ်သက်လာပြီး အဓိကအားဖြင့် မျက်နှာပေါ်က အစိတ်အပိုင်းတွေမှာ ပြုလုပ်အလှဆင်ကြတာ များပါတယ်။ တခြားသောခန္ဓာကိုယ်အစိတ်အပိုင်းများဖြစ်တဲ့ လည်ပင်း ၊ လျှာ ၊ နား ၊ လက်ချောင်း၊  ဝမ်းဗိုက် ၊ ခြေထောက် စတဲ့ နေရာတွေမှာလည်း ပြုလုပ်ကြသလို အနောက်နိုင်ငံက အမျိုးသမီးတွေဆိုရင် ချက်၊ ရင်သားနဲ့ လိင်အင်္ဂါတွေအထိ Piercing ပြုလုပ် အလှဆင်လာကြတာပဲ ဖြစ်ပါတယ်။

Source : hallbutterfielddentistry.com

မြန်မာနိုင်ငံက လူငယ်များစုနဲ့ အနုပညာရှင်တွေ ကြားမှာလည်း အဆိုပါ Piercing ပြုလုပ်ခြင်းဟာ အရမ်းကိုရေပန်းစားနေပေမယ့် နိုင်ငံရဲ့ ယဉ်ကျေးမှုအရ တစ်ချို့သော လူကြီးတွေအတွက်တော့ လက်မခံနိုင်လောက်တဲ့ အကြောင်းအရာတွေအဖြစ်ရှိနေပါတယ်။ Piercing ဟာလည်း တက်တူးကဲ့သို့ပဲ အပေါက်ဖောက်ရာမှာအသုံးပြုတဲ့ အပ်တွေဟာ သန့်ရှင်းပြီး တစ်ခါသုံးအပ်တွေဖြစ်ဖို့လိုသလို တပ်ဆင်မယ့် အလှဆင်ပစ္စည်းတွေကိုလည်း စတီး၊ ဖန်စီ၊ ရွှအစရှိသဖြင့် ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ အသားအရေဓာတ်မတည့်တဲ့ သူတွေအတွက်ကတော့ တိုက်တေနီယံ ၊ ဘိုင်အိုပလက်စတစ် စတာတွေနဲ့လည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာလည်း Body Piercing ပြုလုပ်ပေးတဲ့ ကျွမ်းကျင်ရှင်ပညာရှင်တွေလည်းများစွာရှိနေပြီး အားသာချက် တစ်ခုကတော့ ကိုယ်အနေနဲ့ အဆင်မပြေလို့ ပြန်ဖြုတ်ချင်တဲ့အခါမှာလည်း လွယ်ကူစွာပြန်လည်ဖြုတ်နိုင်မှာ ဖြစ်ပါတယ်။

Source : StyleUp