ရုပ်ရှင်ဆိုတာ လူသားတွေဘဝကို ထင်ဟပ်စေတဲ့ အနုပညာတစ်ရပ်ပဲဖြစ်ပါတယ်။ လူသားများရဲ့ လူနေမှုပတ်ဝန်းကျင်၊ ဓလေ့စရိုက်အမျိုးမျိုးကို ထင်ဟပ်နေတဲ့ အစိတ်အပိုင်းတချို့တဝက်ကို ပိတ်ကားပေါ်မှာ ဖော်ပြကာ ရိုက်ကူးထားတာဖြစ်ပါတယ်။

အချို့ဇာတ်ကားများသည် ဖျော်ဖြေမှုသက်သက်အတွက်သာ စိတ်အပန်းပြေစေပြီး အချို့ဇာတ်ကားများကတော့  လူသားများရဲ့ ဘဝအတွေးအမြင်များကို ပြောင်းလဲသွားအောင် ကူညီပေးတဲ့ ဇာတ်ကားတွေလည်း ပါဝင်ပါသေးတယ်။

လူသားများရဲ့ ဘဝအတွေးအမြင်များကို ပြောင်းလဲသွားစေနိုင်လောက်တဲ့အထိ စွမ်းဆောင်နိုင်တဲ့ ဇာတ်ကားအများအပြားရှိတဲ့အနက် ဘောလိဝုဒ်ဇာတ်ကားကောင်းအချို့ကို ရုပ်ရှင်ကြည့်ချစ်ပရိသတ်များအတွက် ရွေးချယ်တင်ဆက်ပေးလိုက်ရပါတယ်။

The Lunchbox

ကိုယ့်ယောကျာ်းအတွက် ထည့်ပေးလိုက်တဲ့ ထမင်းဘူး မှားရာကနေ အစပြုခဲ့တဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အိမ်ထောင်ရှိပေမယ့် အမျိုးသားက ဂရုမစိုက်လို့ အထီးကျန်နေတဲ့ အမျိုးသမီးနဲ့ မကြာခင်မှာ အငြိမ်းစားယူတော့မယ့် မုဆိုးဖိုတစ်ဦးကြား ထမင်းချိုင့်လေးကနေ ဘယ်လိုတွေ သံယောဇဉ်ဖြစ်သွားမလဲဆိုတာကို ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။

ဒီဇာတ်ကားလေးရဲ့ အဓိကပေးချင်တဲ့ မက်ဆေ့ချ်ကတော့ တခါတရံမှာ မှားစီးမိတဲ့ရထားသည်လည်း သင့်ကို ဘူတာအမှန်သို့ ပို့ဆောင်ပေးတယ်ဆိုတာပါပဲ။ ကောင်းမွန်တဲ့ ဘဝသင်ခန်းစာတစ်ခု ပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။

Source: Sony Pictures Classics

A Wednesday

ကမ္ဘာကြီးပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် အမုန်းတရားတွေ၊ အင်အားကြီးသူက အင်အားမရှိတဲ့သူကို ဖိနှိပ်မှုတွေ၊ အကြမ်းဖက်နှိပ်စက်မှုတွေသည် တစ်စထက်တစ်စ များပြားလာတာဖြစ်ပါတယ်။ သာမန်လူသားတွေသည် စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့အတွက်ကြောင့် ထိုကိစ္စများကို အချိန်အကြာကြီး လျစ်လျူရှုထားမိနေကြပါတယ်။ ကိုယ့်ရဲ့လုံခြုံမှုသည် အကြမ်းဖက်အဖွဲ့အစည်းနဲ့ အစိုးရအဖွဲ့အစည်းတို့ကြား ပင်ပေါင်ဘောလုံးလေးလို ကစားခံနေရကြောင်း ဒီရုပ်ရှင်လေးက မီးမောင်းထိုးပြနေတာဖြစ်ပါတယ်။

Source: Cinemasti

3 Idiots

ဒီဇာတ်ကားလေးသည်လည်း ပညာရေးစနစ်တစ်ခုလုံးကို မီးမောင်းထိုးပြနေတဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ စနစ်တစ်ခုကို ဘယ်လိုပြောင်းလဲရမလဲလို့ မစဉ်းစားခင်မှာ ကိုယ်ကိုယ်တိုင်ကိုရော ဘယ်လိုပြောင်းလဲနိုင်မလဲဆိုတာနဲ့ အရင်အစပြုရမှာဖြစ်ပါတယ်။ ဇာတ်ကားလေးက ရယ်လည်း ရယ်ရသလို ဉာဏ်အလင်းပွင့်စေမယ့် ဇာတ်ကားလေးဆိုလည်း မမှားပါဘူး။ သင့်ရဲ့အတွေးအမြင်တစ်ခုလုံးကို ပြောင်းလဲသွားစေမှာဖြစ်တဲ့အတွက်ကြောင့် မလွတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။

Source: moviemaniacsDE

Taare Zameen Par

ဒီဇာတ်ကားလေးကတော့ စာမရေးတတ်၊ မဖတ်တတ်ဘဲ ကျောင်းစာပိုင်းမှာ ညံ့တဲ့ကျောင်းသားလေးတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဖန်ခွက်လွတ်တစ်လုံးထဲမှာ ရေတစ်ဝက်ဖြည့်ထားတဲ့အခါ လူတချို့က ဒီဖန်ခွက်သည် ရေ တစ်ဝက်ပဲ ကျန်ပါလားလို့ အဆိုးမြင်စိတ်ရှိကြပြီး တချို့ကတော့ ရေတစ်ဝက် ပြည့်နေတယ်လို့ ယူဆကြပါတယ်။

စောစောက စာမတော်တဲ့ကျောင်းသားလေးသည် အကောင်းမြင်စိတ်ရှိတဲ့ ဆရာနဲ့ တွေ့ပြီးတဲ့နောက်မှာ သူ့ရဲ့ဘဝ ဘယ်လိုပြောင်းလဲလာမလဲဆိုတာကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။

Source: Netflix India

ဇာတ်ကားတစ်ကားချင်းစီသည် ကိုယ့်ကို အတွေးတစ်ခုရသွားစေမှာဖြစ်ပြီး ကိုယ့်ရဲ့ခံယူချက်များကိုလည်း ပြေင်းလဲသွားစေမှာ မြေကြီးလက်ခတ်မလွဲပါပဲ။