ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဧပြီလထဲမှာ ရုံတင်ဖို့ မူလက ရည်ရွယ်ထားတဲ့ ဂျိမ်းစ်ဘွန်းရုပ်ရှင် No Time To Die ဟာ ၂၀၂၁ နှစ်အကုန်အထိ ရုံတင်နောက်ကျဖို့ ရှိနေပါတယ်။ အစောပိုင်းက No Time To Die ကို ပြီးခဲ့တဲ့နှစ် ဧပြီလထဲမှာ ရုံတင်ဖို့ မျှော်လင့်ထားခဲ့ပေမယ့် တစ်ကမ္ဘာလုံး COVID-19 ကပ်ဆိုက်လာပြီးနောက် နိုဝင်ဘာလအထိ နောက်ဆုတ်ခဲ့ပါတယ်။ ဒီနောက်မှာ ၂၀၂၁ ဧပြီလ ၂ ရက်မှ ရုံတင်နိုင်ဖို့ ရက်ပြန်ဆုတ်ခဲ့ပါတယ်။ ရုပ်ရှင်ရဲ့ မူလဒါရိုက်တာနဲ့ ပူးတွဲစာရေးဆရာ ဒန်နီဘွိုင်းလ် ထွက်သွားတာကြောင့်လည်း အခုလို ရုံတင်နိုင်ဖို့ ကြန့်ကြာခဲ့တာ ဖြစ်ပါတယ်။
Photo: The Sun
ဒီတစ်ခါမှာ အဓိက Scenes တွေ ပြန်ရိုက်ဖို့ လုပ်နေတာကြောင့် No Time To Die ဟာ ထပ်ပြီး ရုံတင် နောက်ကျမှာ ဖြစ်တယ်လို့ The Sun သတင်းက ဆိုပါတယ်။ ပြန်ရိုက်မယ့် Scenes ထဲမှာ 007 ကိုင်တဲ့ မိုဘိုင်းလ်ဖုန်းနဲ့ တခြား Gadgets တွေ နောက်ဆုံးပေါ် ထုတ်ကုန်တွေနဲ့ အစားထိုးသွားမှာ ဖြစ်ပါတယ်။ နောက်ဆုံးထွက် ဂျိမ်းစ်ဘွန်းရုပ်ရှင်အတွက် ဒီရုပ်ရှင်နဲ့ Nokia အကြား Partnership လုပ်ထားတာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်ကတည်းက ပူးပေါင်းထားတာ ဖြစ်ပြီး ရုပ်ရှင်ထဲမှာ Nokia နောက်ဆုံးပေါ်ဖုန်းကို သုံးပြရမယ်လို့ ဆိုပါတယ်။ အရင်နှစ်က ရုပ်ရှင်ထွက်လာခဲ့မယ်ဆိုရင် No Time To Die မှာ ဂျိမ်းစ်ဘွန်းမင်းသား ဒန်နီယယ်ခရေ့ချ်ဟာ ၂၀၂၀ အောက်တိုဘာလထွက် Nokia 8.3 5G ဖုန်းကို သုံးတာ မြင်ရမှာ ဖြစ်ပါတယ်။ အခုတော့ ဖုန်းသစ်တွေနဲ့ Scenes သစ် ပြန်ရိုက်ရမှာ ဖြစ်ပါတယ်။ တခြား Item အစားထိုးမှုအနေနဲ့ Adidas ဖိနပ် ၊ Bollinger ရှန်ပိန် နဲ့ Omega နာရီတို့ကိုလည်း အသစ်ပြန်သုံးသွားဖို့ ရှိပါတယ်။
Photo: GSMArena
တတိယအကြိမ် ရွှေ့ဆိုင်းမှုအဖြစ် 007 No Time To Die ရုပ်ရှင်ကို ဒီနှစ် အောက်တိုဘာလ ၈ ရက်နေ့မှာ ဖြန့်ချိဖို့ ရှိပါတယ်။ ဒီရုပ်ရှင်ဟာ ဂျိမ်းဘွန်းရုပ်ရှင်တွေထဲမှာ ကုန်ကျစရိတ်အများဆုံး ရုပ်ရှင်ဖြစ်ပြီး ပေါင်သန်း ၂၀၀ အထိ သုံးထားတယ်လို့ဆိုပါတယ်။ ၂၀၁၅ က ထွက်ခဲ့တဲ့ Spectre အတွက် ပေါင် ၁၈၂ သန်းနဲ့ ၂၀၁၂ ခုနှစ်က Skyfall မှာ ပေါင် ၁၃၈ သန်း အကုန်အကျခံ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
No Time To Die ကို အမေရိကန်ဒါရိုက်တာ ကယ်ရီ ဖူကူနာဂါက ရိုက်ကူးပေးသွားမှာ ဖြစ်ပြီး 007 အဖြစ် ဒန်နီယယ်ခရေ့ချ်နဲ့အတူ ရာမီ မဲလ်လက်ခ် ၊ လာရှာနာ လင့်ချ်နဲ့ အန်နာ ဒီအာမားစ်တို့က ပါဝင်သရုပ်ဆောင်သွားမှာပါ။