ဒေါ့မွန်နည်းပြ လူစီယန်ဖေဘရီဟာ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးတို့ ၂ သင်းစလုံးဆီကနေ စိတ်ဝင်စားမှုကို သိသိသာသာ ရရှိနေချိန်အတွင်း ယခုလာမယ့်နွေရာသီမှာ ဆန်ချိုအနေနဲ့ အသင်းကို စွန့်ခွာနိုင်တယ်လို့ ပြောကြားခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်တောင်ပံကစားသမား ဆန်ချိုဟာ အံ့အားသင့်ဖွယ်ရာသီကို ပိုင်ဆိုင်ခဲ့သူဖြစ်ပြီး အသင်းဟောင်း မန်ချက်စတာစီးတီးနဲ့ ချယ်ဆီးအသင်းတို့ကလည်း အနီးကပ်စောင့်ကြည့်နေတာကြောင့် ပရီးမီးယားလိဂ်ကို ပြန်သွားနိုင်ခြေ မြင့်တက်နေသူဖြစ်ပါတယ်။
Photo: Metro
ဒေါ့မွန်အသင်းဟာ ဆန်ချိုကို ပေါင်သန်း ၁၀၀ ထက်လျော့နည်းတဲ့ ပြောင်းရွှေ့ကြေးနဲ့ အသင်းကနေ ထွက်ခွာခွင့်ပြုသွားမှာမဟုတ်ဘူးလို့ အခိုင်အမာပြောကြားထားခဲ့တာဖြစ်ပြီး ယင်းပမာဏဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်ဆိုင်းနေရာကနေ ပြန်လည်နိုးထဖို့ ပြင်ဆင်နေတဲ့ ပရီးမီးယားလိဂ်အသင်းတွေအတွက် ကြီးမားတဲ့အတားအဆီးတစ်ခုဖြစ်လာလိမ့်မယ်လို့တောင် ဆိုရမှာဖြစ်ပါတယ်။
ဘွန်ဒက်စ်လီဂါထိပ်တန်းအသင်းဖြစ်တဲ့ ဒေါ့မွန်အသင်း ဆန်ချိုကို နောက်ထပ်တစ်ရာသီ အသင်းမှာ ဆက်ပြီး ထိန်းသိမ်းထားနိုင်လိမ့်မယ်လို့ ယုံကြည်ချက်ရှိနေပြီး ၎င်းတို့တောင်းဆိုထားတဲ့ ကြီးမားတဲ့ပြောင်းရွှေ့ကြေးကို လျှော့ပေးသွားမှာမဟုတ်ပေမယ့်လည်း နည်းပြ ဖေဘရီက အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ ဆန်ချိုအတွက် အသင်းကနေ ထွက်ခွာဖို့အတွက် တံခါးကို ပြန်ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။
Source : Evening Standard
“ကစားသမားတွေက သွားမယ်ဆိုတာ သိသာပြီး ကျွန်တော်တို့က သူတို့ ထွက်ခွာကောင်း ထွက်ခွာနိုင်တယ်ဆိုပေမယ့်လည်း အသင်းမှာ ဆက်နေဖို့ မျှော်လင့်ပါတယ်”
“ကျွန်တော်တို့ ဘာတွေဖြစ်ပျက်လာမယ်ဆိုတာကို တိတိကျကျမသိတဲ့ ကစားသမား ၂ ယောက်အကြောင်း(ဆန်ချိုနဲ့ ဟာကီမီ)ကို ခင်ဗျား ပြောခဲ့ပါတယ်သူတို့တွေ ကျွန်တော်တို့နဲ့အတူ နေနိုင်ပါတယ်။ အဲဒါက ရှင်းပါတယ်။ အဲဒါက ကျွန်တော့်အတွက်တော့ ကောင်းပါလိမ့်မယ်။ ကျွန်တော်တို့ ခံစစ်၊ ကွင်းလယ် ဒါမှမဟုတ် တိုက်စစ်မှာ ဘာတွေလုပ်မလဲဆိုတာကို တွေ့ရပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။