ဖေဖော်ဝါရီ ၁၀ ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့ Dolby Theatre မှာ ကျင်းပသွားတဲ့ ၂၀၂၀ ရုပ်ရှင်အော်စကာဆုပေးပွဲကြီးကတော့ ထူးခြားမှုတွေ အပြည့်နဲ့ ကျင်းပပြီးစီးသွားပြီ ဖြစ်ပါတယ်။၉၂ ကြိမ်မြောက်ကို ရောက်ရှိလာပြီ ဖြစ်တဲ့ ဒီအကယ်ဒမီဆုပေးပွဲကြီးမှာ အသက် ၅၆ နှစ် ရှိပြီ ဖြစ်တဲ့ ကမ္ဘာကျော် ဟောလီဝုဒ် ရုပ်ရှင်မင်းသားကြီး ဘရက်ဒ်ပစ်အတွက်လည်း ထိုက်တန်တဲ့ ဆုတစ်ဆုက စောင့်ကြိုလို့နေပါတယ်။ မင်းသားကြီးဟာ Once Upon a Time.. in Hollywood ရုပ်ရှင်ဇာတ်ကားထဲမှာ ကလစ်ဖ်ဘို့ရဲ့ ဇာတ်ကောင်နဲ့ အကောင်းဆုံးဇာတ်ပို့ဆု Best Supporting Actor ဆု ချီးမြှင့်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

Photo: theguardian

ဒါရိုက်တာ ကွမ်တင်မ် တာရန်တီနို ရိုက်ကူးတဲ့ ဒီရုပ်ရှင်ကားကြီးထဲမှာ မင်းသားကြီး ဘရက်ဒ်ပစ်ဟာ သူနဲ့ခေတ်ပြိုင် ဇာတ်ရုပ်ဖြစ်တဲ့ ကမ္ဘာကျော် ရုပ်ရှင်မင်းသားကြီး လီယိုနာဒို ဒီကာပရီယိုနဲ့ အပြိုင် သရုပ်ဆောင်ခဲ့တာပါ။ ဘရက်ဒ်ပစ်ဟာ အကောင်းဆုံး ဇာတ်ပို့ဆုအတွက် The Irishman ထဲမှ ကမ္ဘာကျော် မင်းသားကြီးတွေ ဖြစ်တဲ့ အယ်ပါစီနို နဲ့ ဂျိုးပက်စီ ၊ A Beautiful Day in the Neighborhood ထဲမှ ဝါရင့်မင်းသားကြီး တွမ်ဟန့်ခ်တို့နဲ့အပြိုင် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ကိုယ်တိုင်လည်း ရုပ်ရှင်ထုတ်လုပ်သူ လုပ်တဲ့ ဘရက်ဒ်ပစ်ဟာ ၂၀၁၃ ခုနှစ်က အော်စကာ ရခဲ့တဲ့ 12 Years A Slave ရုပ်ရှင်ကား ထုတ်လုပ်သူလည်း ဖြစ်ပါတယ်။ ရုပ်ရှင်ဆုအနေနဲ့ ဘရက်ဒ်ပစ်ဟာ Baftas ၊ Global Globes နဲ့ Screen Actors Guild တို့က ပေးတဲ့ အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင်ဆုလည်း ရထားသူ ဖြစ်ပါတယ်။

Photo: RFI

အော်စကာ ဆုအနေနဲ့ ကိုယ်တိုင်ရရှိတာကတော့ ဒါဟာ ပထမဆုံးအကြိမ် အမှတ်တရ ဖြစ်ရပ်လည်း ဖြစ်ပါတယ်။ အကောင်းဆုံး ဇာတ်ပို့ဆုအဖြစ် ဆန်ကာတင်စာရင်းမှာတော့ 12 Monkeys နဲ့ ဝင်ခဲ့ဖူးသလို အကောင်းဆုံး ရုပ်ရှင်ဇာတ်ဆောင်ဆုကို The Curious Case of Benjamin Button နဲ့ Moneyball ရုပ်ရှင်တွေနဲ့ ပါဝင်ခဲ့ဖူးတဲ့ မှတ်တမ်းတွေ ရှိထားပါတယ်။