တစ်ခေတ်တစ်ခါက ဂန္တဝင်ကျော် ဘရာဇီးတိုက်စစ်မှူးနဲ့ ဘလွန်းဒီအော နှစ်ဆုရှင် ရော်နယ်ဒို နာဇာရီယိုကို ဘောလုံးချစ်သူတွေ မေ့နိုင်ဦးမယ် မထင်ပါဘူး။ ဘောလုံးလောကရဲ့ အတော်ဆုံးအားကစားသမားစာရင်းဝင် ရော်နယ်ဒိုဟာ အားကစားလောက ကနေ အငြိမ်းစားယူသွားတာ အတော်လေး ကြာပါပြီ။

အရွယ်ကောင်းစဉ်က သူဟာ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းမှာ မကစားခင် ဘာစီလိုနာအသင်းမှာ တစ်ရာသီဝင်ကစားခဲ့သူလည်း ဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ မှတ်တမ်းမှာ ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်ခွင့်မရှိခဲ့ပေမယ့် သူဟာ ဘရာဇီးအသင်းနဲ့အတူ ကမ္ဘာ့ဖလား ၃ ကြိမ် ပါဝင်ခဲ့ပြီး ၁၉၉၄ နဲ့ ၂၀၀၂ တို့မှာ ချန်ပီယံဖလားနှစ်ကြိမ်ရအောင် စွမ်းဆောင်ရာမှာ အဓိကကျခဲ့တဲ့ ဂန္တဝင်အကျော်အမော်တစ်ဦးဆိုတာ မေ့ထားလို့ မဖြစ်ပါဘူး။

The Great Players

Photo: bestfootballers

အသက် ၄၅ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ ရော်နယ်ဒိုကို The Goal ဝက်ဘ်ဆိုက်က မေးခွန်းတစ်ခု မေးခဲ့ပါတယ်။ အဲ့ဒီမေးခွန်းကတော့ ဘောလုံးသမိုင်းတစ်လျှောက်မှာ အကောင်းဆုံးဘောလုံးသမားတွေက ဘယ်သူတွေလဲဆိုတာပဲ ဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ သူ မြင်တဲ့ အကောင်းဆုံးဘောလုံးသမား ၄ ဦးအနေနဲ့ ဒီယေဂို မာရာဒိုနာ ၊ ပီလီ ၊ မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်ဒိုတို့ကို ညွှန်းခဲ့ပါတယ်။

“ကျွန်တော့်အနေနဲ့ သမိုင်းမှာ အကောင်းဆုံး ပြန်ခွဲထုတ်ရမယ် ဆိုရင် အဲ့ဒီလူတွေက ပီလီ ၊ မာရာဒိုနာ ၊ လိုင်ယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်ဒိုတို့ပဲ ဖြစ်မှာပါ။ သူတို့က ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ထိပ်တန်း ၄ ဦးပါပဲ။” လို့ ရော်နယ်ဒိုက ဆိုပါတယ်။

“CR7 အတွက် ကျွန်တော်က ရော်နယ်ဒိုအစစ်ပါလို့ ကြားနေရတာ ငြီးငွေ့နေလောက်ပါတယ်။ လူတွေကို နှိုင်းယှဉ်လို့ မရပါဘူး။ ခရစ္စတီယာနိုဟာ ဘောလုံးသမိုင်းမှာ သွင်းထားတဲ့ ဂိုးတွေအတွက်ရော သူရဲ့ တစိုက်မတ်မတ် အောင်မြင်မှုတွေအရပါ သမိုင်းမှာ ထင်ကျန်ရစ်မယ့်သူမျိုးပါ။ သူဟာ မက်ဆီလိုပဲ အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် ကျန်ရှိမယ့်သူလည်း ဖြစ်ပါတယ်။”

messi-pele-ronaldo-maradona-greatest-ever

Photo: Skysports

မက်ဆီရော ခရစ္စတီယာနို ရော်နယ်ဒိုပါ ဘလွန်းဒီအောဆုကို ၂၀၀၇ ခုနှစ် နောက်ပိုင်းကစလို့ တစ်လှည့်စီဆိုသလို ဆွတ်ခူးနိုင်ခဲ့သူတွေလည်း ဖြစ်ပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဘလွန်းဒီအော ၅ ကြိမ် ရထားပြီး မက်ဆီကတော့ ဘလွန်းဒီအောသမိုင်းမှာ အများဆုံးအဖြစ် ၇ ကြိမ်အထိ ရရှိထားပါတယ်။ အို ဖီနိုမီနို လို့ နာမည်ပြောင်ပေးထားတဲ့ ဘရာဇီး ဂန္တဝင်တိုက်စစ်မှူးဟာလည်း အသက် ၁၉၉၇ ခုနှစ်မှာ ဘလွန်းဒီအောဆုကို အသက် ၂၁ နှစ်တည်းနဲ့ ရခဲ့တဲ့ အသက်အငယ်ဆုံး ဘလွန်းဒီအောဆုရှင်ဖြစ်ပါတယ်။

ဘရာဇီးအသင်းရဲ့ ပဉ္စမအကြိမ် ကမ္ဘာ့ဖလားရတဲ့ ၂၀၀၂ ခုနှစ်မှာ သူ့ရဲ့ စွမ်းဆောင်ရည်ကြောင့် ဒုတိယအကြိမ်မြောက် ဘလွန်းဒီအောရခဲ့သူပါ။ ကမ္ဘာ့အတော်ဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ပေမယ့် ဒိုကြီးလို့ ပရိသတ်တွေ ချစ်စနိုး ခေါ်ကြတဲ့ ဘရာဇီးဂန္တဝင်ရဲ့ မာနနည်းပါးတဲ့ အဖြေကို အများက သဘောတူကြမယ်လို့ ထင်ပါတယ်။

Featured Photo: Daily Sabah