ဗုဒ္ဓဟူးနေ့ မနက်စောပိုင်းက ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ Copa America ဆီမီးဖိုင်နယ် ပွဲစဉ်မှာ Brazil အသင်းကအာဂျင်တီးနားအသင်းကို (၂-၀) ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိပြီး ဗိုလ်လုပွဲကို တတ်ရောက်သွားခဲ့ပါတယ်။

နှစ်ဖက်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၅၀ ရာခိုင်နှုန်းစီရရှိပေမဲ့ အာဂျင်တီးနားအသင်းက ဂိုးပေါက်ကန်သွင်းခွင့်မှာ ပိုမိုအခွင့်အရေးတွေရရှိခဲ့ပါတယ်။ ရရှိလာတဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တဲ့အတွက်ကြောင့် မက်စီရဲ့ အာဂျင်တီးနား အသင်းဟာဗိုလ်လုပွဲ ကစားရမဲ့အခွင့်အရေးနဲ့ လွှဲချော်ခဲ့ရပါတယ်။

 

Source: CBS Sports

ပွဲကစားချိန် ၁၉ မိနစ်မှာ Firmino ရဲ့ဖြတ်တင်ဘောကတဆင့် Gabriel Jesus ကပိတ်သွင်းကာ ဘရာဇီးအသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဘရာဇီးအသင်းအတွက်အ နိုင်သေချာစေမယ့် ဂိုးကိုတော့ ပွဲကစားချိန် ၇၁ မိနစ်မှာ Gabriel Jesus ရဲ့ပါးနပ်တဲ့ ဖန်တီးပေးမှုကနေတဆင့် တိုက်စစ်မှုး Firmino ကသွင်းယူပေးခဲ့တာပါ။ဒီပွဲမှာ နှစ်ဖက်အသင်းသားတွေဟာ တွန်းတွန်းတိုက်တိုက်ကစားခဲ့ကြပြီး ကွင်းလယ်ဒိုင်ကတစ်ပွဲလုံး အဝါကက် ၆ ကက်ထိ အသုံးပြုခဲ့ရပါတယ်။

Source: The Indian Express

ဆီမီးဖိုင်နယ်ဒုတိယပွဲစဉ်အဖြစ် လက်ရှိ Copa America ချန်ပီယံချီလီအသင်းနဲ့ ပီရူးအသင်းတို့ရဲ့ ပွဲစဉ်ကိုတော့ ဇူလိုင် ၄ ရက်နေ့ မနက် ၇ နာရီမှာ ကျင်းပသွားမှာပါ။ အနိုင်ရရှိတဲ့ အသင်းကတော့ အိမ်ရှင်ဘရာဇီးအသင်းနဲ့ ဗိုလ်လုပွဲမှာ ယှဉ်ပြိုင်ကစားရမှာပါ။ တတိယလုပွဲကို ဇူလိုင် ၇ ရက်နေ့ နဲ့ နောက်ဆုံး ဗိုလ်လုပွဲကိုတော့ ဇူလိုင် ၈ ရက်နေ့ တို့မှာ ကျင်းပသွားမှာပါ။ဒီပွဲမှာ အနိုင်ရရှိခဲ့တာကြောင့် ဘရာဇီးအသင်းဟာ အိမ်ကွင်းမှာ အာဂျင်တီးနားအသင်းကို ရှုံးနှိမ့်ခဲ့ဖူးခြင်းမရှိ သေးတဲ့ စံချိန်ကိုဆက်ထိမ်းသွားခဲ့တယ်။

Source: The India Times Post

ဘရာဇီးအသင်းဟာ အာဂျင်တီးနားနဲ့ အိမ်ကွင်းမှာ တွေ့ဆုံကစားခဲ့တဲ့ ပွဲစဉ်တလျှောက် ၈ ပွဲနိုင် ၂ ပွဲ သရေ ဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားပါတယ်။ မက်စီပါဝင်တဲ့ အာဂျင်းတီးနားအသင်းကတော့ အဓိကဆုဖလားတွေနဲ့ လွဲချော်နေဆဲပါပဲ။ Copa America စတင်ကျင်းပခဲ့တဲ့ သမိုင်းတလျှောက်မှာ ဥရုဂွေးအသင်းက အအောင်မြင်ဆုံးအသင်းအဖြစ်ရပ်တည်နေပြီးတော့ ချန်ပီယံ ၁၅ ကြိမ်ထိရရှိအောင် စွမ်းဆောင်ထားပါတယ်။

ဒုတိယနေရာမှာတော့ အာဂျင်တီးနား အသင်း ချန်ပီယံ ၁၄ ကြိမ်နဲ့ တတိယနေရာမှာ ဘရာဇီးအသင်း ချန်ပီယံ ၈ ကြိမ် တို့က အသီးသီးရပ်တည်နေပါတယ်။ဘရာဇီးအသင်းကသူတို့ ရဲ့ ၉ ကြိမ်မြောက် Copa America ဖလားကို ရယူနိုင်မလားဆိုတာကိုတော့ ဇူလိုင် ၈ ရက်နေ့ ကစားမဲ့ ဖိုင်နယ်ပွဲစဉ်ကို စောင့်ကြည့်ကြရမှာပါ။