ဘရာဇီးဂန္တဝင် ကစားသမားကြီး ပီလီဟာ လူငယ်ကြယ်ပွင့် အမ်ဘာပေရဲ့ ၂၃ နှစ်ပြည့် မွေးနေ့အတွက် အထူးသတင်းစကားပါးလိုက်ကြောင်း DailyMail မှာ ဖော်ပြထားပါတယ်။

Brazilian legend Pele sends special birthday message to PSG star Kylian Mbappe
Photo : MARCA

ပီအက်စ်ဂျီလူငယ်တိုက်စစ်မှူး ဘာပေဟာ ဒီဇင်ဘာ ၂၀ ရက်နေ့က အသက် ၂၃ နှစ်ပြည့်သွားခဲ့တာဖြစ်ပြီး အင်္ဂါနေ့မှာ ၎င်းရဲ့အသင်းဖော်တွေနဲ့အတူ ဧရာမ ကိတ်မုန့်ကြီးတစ်ခုနဲ့ မွေးနေ့ပွဲ ကျင်းပခဲ့တဲ့ ဓာတ်ပုံတွေကို တွစ်တာလူမှုကွန်ယက် စာမျက်နှာပေါ်မှာ တင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဂန္တဝင် ကစားသမားကြီး ပီလီကလည်း ၎င်းရဲ့ တွစ်တာကနေတဆင့် ” ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေလို့ ဆုတောင်းပါတယ် ၊ မင်းလိုကြယ်ပွင့်ကစားသမားက ဆက်လက်တောက်ပပြီး အမြင့်ကို ပိုပြီးပျံသန်းနိုင်ဖို့ မျှော်လင့်ပါတယ် ” လို့ မွေးနေ့ဆုမွန်ကောင်း သတင်းစကား ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။

အမ်ဘာပေနဲ့ ပီလီတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ပဲရစ်မှာကျင်းပခဲ့တဲ့ ပွဲတစ်ခုမှာ တွေ့ဆုံကတည်းက မိတ်ဆွေကောင်းတွေအဖြစ် ခင်မင်ရင်းနှီးခဲ့ကြတာဖြစ်ပြီး ပီလီက ပြင်သစ်အသင်း ယူရို ၂၀၂၀ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရတဲ့နောက်ပိုင်း ပီအက်စ်ဂျီ တိုက်စစ်မှူး ဘာပေထံကို အားပေးတဲ့သတင်းစကားတွေ မှန်မှန်ပေးပို့နေခဲ့တာပဲ ဖြစ်ပါတယ်။

ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ပြင်သစ်အသင်းနဲ့ ဆွစ်ဇာလန်အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ ၃-၃ ဂိုးသရေကျခဲ့ကြပြီးနောက် ပင်နယ်တီအဆုံးအဖြတ်မှာ ဘာပေရဲ့ကန်ချက်လွဲချော်ခဲ့တာကြောင့် ဆွစ်ဇာလန်အသင်း ကွာတားဖိုင်နယ်သို့ တက်လှမ်းသွားခဲ့တာပဲ ဖြစ်ပါတယ်။

အဆိုပါ ပွဲစဉ်မှာ ဘာပေတစ်ဦးတည်းသာလျှင် ပင်နယ်တီကို လွဲချော်ခဲ့တာဖြစ်ပြီး အချိန်ပိုမိနစ်တွေမှာ ဂိုးရရှိနိုင်တဲ့ အခွင့်အရေးတွေကိုလည်း ကောင်းစွာအသုံးမချနိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်ကတည်းက ပီလီဟာ ၎င်းရဲ့တွစ်တာကနေ ” ခေါင်းမော့ထားပါ ဘာပေ ၊ မနက်ဖြန်က ခရီးသစ်ရဲ့ပထမဆုံးနေ့ဖြစ်တယ်” လို့ အားပေးစကား ရေသားခဲ့တာဖြစ်ပါတယ်။

Brazilian legend Pele sends special birthday message to PSG star Kylian Mbappe

Photo : FirstClasse

လက်ရှိမှာတော့ အသက် ၂၃ နှစ်အရွယ် ပြင်သစ်သားနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ စာချုပ်သက်တမ်းဟာ လာမယ့်နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားနေတယ်လို့ သိရပါတယ်။