Sunday ညရဲ့ ပရိသတ်စိတ်ဝင်စားမှု အများဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနှင့် ချယ်လ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းက ယူနိုက်တက်ကို (၃-၁) ဂိုးရလဒ်ဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲတက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာတော့ ချဲလ်ဆီးအသင်းအနေနဲ့ ၃-၄-၃ ကစားကွက်ကိုအသုံးပြုခဲ့ပြီး မောဆန်မောင့် ဂျရူး ဝီလီယံ ကိုဗာဆစ် ဂျော်ဂျင်ဟို အလွန်ဆို ဇူးမား ရူဒီဂါ အက်စပီကွယ်တာ ဂျိမ်း ကာဘယ်လယ်ရိုစတဲ့ ကစားသမားတွေနဲ့ပွဲထွက်လာခဲ့ပါတယ်။

Source : Getty Images
ယူနိုက်တက်အသင်းကလည်း ၃-၄-၁-၂ ကစားကွက်ကိုအသုံးပြုခဲ့ပြီး ရပ်ဖို့စ် ဒန်နီရယ်ဂျိမ်းစ် ဖာနန်ဒက်စ် ဖရက်ဒ် မာတစ် ဝီလီယံစ် မက်ဂွိုင်းယား ဘိုင်လီ လင်ဒီလော့ ဆာခါ ဒီဂီယာတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ အဆိုပါပွဲစဉ်ဟာ တစ်သင်းနဲ့တစ်သင်း အကြိတ်အနယ်ရင်ဆိုင်အားပြိုင်ကြမယ့် ဆီးမီးဖိုင်နယ်ပွဲစဉ်တစ်ပွဲလို့ ပရိသတ်တွေထင်ကြေးပေးထားခဲ့ပေမယ့် ပွဲကစားချိန်အစောပိုင်း မိနစ်တွေမှာတော့ အနည်းငယ်ပျင်းစရာကောင်းနေခဲ့ပါတယ်။ ပွဲကစားချိန်ကြာလာတာနဲ့အမျှ ချယ်လ်အသင်းက ဒီနေ့ပွဲစဉ်မှာ ပုံမှန်ခြေစွမ်းအောက်ကိုရောက်ရှိနေခဲ့တဲ့ ယူနိုက်တက်အသင်းကို ဦးဆောင်ဖိအားပေးကစားနိုင်ခဲ့ပြီး ပထမပိုင်းပြီးခါနီး အချိန်ပို (၁၁) မိနစ်မှာ အက်စပီကွယ်တာရဲ့ ဖြတ်တင်ဘောကို ဂျရူးကပိတ်သွင်းပြီး ဦးဆောင်ဂိုးစတင်ရရှိခဲ့ပါတယ်။

Source : AP
ဒုတိယပိုင်းပြန်လည်စတင်ပြီး မကြာခင်ပွဲကစားချိန် (၄၆) မိနစ်မှာတော့ ချယ်လ်ဆီးအသင်းအတွက် ဒုတိယမြောက်သွင်းဂိုးကို မေဆန်မောင့်က ဂိုးဧရိယာအပြင်ကနေ လှလှကန်သွင်းယူခဲ့ပြီး ယူနိုက်တက်ဂိုးသမား ဒီဂီယာရဲ့ဘောလုံးဖမ်းပုံမသေသပ်မှုတွေကြောင့်လည်း ချယ်လ်ဆီးတို့ ဒုတိယဂိုးထပ်မံရရှိခဲ့တာဖြစ်ပါတယ်။ ဦးဆောင်ဂိုးတွေဆက်တိုက်ခွင့်ပြုခဲ့ရပြီးနောက်ပိုင်းမှာတော့ အမှားများစွာနဲ့ ယူနိုက်တက်အသင်းဟာ ပေါ့ဂ်ဘာနဲ့ ဂရင်းဝုဒ်တို့ကို လူစားထိုးဝင်ရောက်စေခဲ့ပြီး တိုက်စစ်မြင့်ကစားခဲ့ပါတယ်။ သို့သော် ပွဲကစားချိန် (၇၄) မိနစ်မှာ ရူဒီဂါရဲ့ ပိတ်သွင်းမှုကိုတားဆီးရာကနေတဆင့် ယူနိုက်တက်နောက်ခံကစားသမား မက်ဂွိုင်းယားက ကိုယ့်ဂိုးကိုသွင်းယူသွားခဲ့တာကြောင့် တတိယဂိုးထပ်မံရရှိခဲ့ပါတယ်။

Source : Evening Standard
ချယ်လ်ဆီးအသင်းကတော့ ဦးဆောင်ဂိုးတွေခွင့်ပြုခဲ့ရပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အားနည်းလာခဲ့တဲ့ ယူနိုက်တက်အသင်းကို ဆက်လက်ဖိအားပေးကစားခဲ့ပြီး သွင်းဂိုးဆက်လက်ရရှိဖို့ ကြိုးစားခဲ့ပါတယ်။ ပွဲချိန် (၈၅)မိနစ်မှာတော့ မန်ချက်စတာယူနိုက်အသင်းအတွက် နှစ်သိမ့်ဂိုးကို ဖာနန်ဒက်စ် က ပယ်နယ်တီကနေတဆင့်သွားယူပေးခဲ့တာကြောင့် ပွဲပြီးရလဒ်အနေနဲ့ (၃-၁) ဂိုးဖြင့် ချယ်လ်ဆီးအသင်းအနိုင်ရရှိခဲ့ကာ FA ဖလားဗိုလ်လုပွဲကို တက်ရောက်သွားခဲ့တာဖြစ်ပါတယ်။ တစ်ဖက်မှာ မန်စီးတီးအသင်းကို (၂) ဂိုးပြတ်နဲ့ အနိုင်ရရှိထားတဲ့ အာဆင်နယ်အသင်းနဲ့ ဖိုင်နယ်မှာတွေ့ဆုံမှာဖြစ်တာကြောင့် ယခုနှစ် FA ဖလားဗိုလ်လုပွဲမှာ လန်ဒန်အသင်းနှစ်သင်း ရဲ့အားပြိုင်မှုကိုမြင်တွေ့ရတော့မှာဖြစ်ပါတယ်။
