မန်ချက်စတာယူနိုက်တက်အသင်းဟာ အင်္ဂါနေ့ညက ဘန်လေကို ၁-၀ နဲ့ အဝေးကွင်းမှာ အနိုင်ကစားပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဘန်လေအသင်းနဲ့ပွဲစဉ်မှာ အနိုင် ၃ မှတ်ရရှိဖို့ ခက်ခက်ခဲခဲတိုက်ပွဲဝင်ခဲ့ရပြီး ပေါ့ဂ်ဘာရဲ့ အလွန်ကောင်းမွန်တဲ့ ဒုတိယပိုင်းစွမ်းဆောင်ရည်ကြောင့်သာ ကျဉ်းမြောင်းတဲ့ ဂိုးရလဒ်နဲ့အတူ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အင်္ဂါနေ့ညက ဘန်လေနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ပွဲစဉ်မှာ ပိုကောင်းတဲ့အသင်းက အနိုင်ရရှိသွားခဲ့တာဆိုပေမယ့် ပြောစရာအချက် ၃ ချက် ရှိနေပါတယ်။

၁။ အငြင်းပွားဖွယ်ဆုံးဖြတ်ချက်တွေနဲ့ VAR

Photo: BBC

ဘန်လေကစားသမား ရော်ဘီ ဘရက်ဒီဟာ ပထမပိုင်းမှာကတည်းက အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရမှာဖြစ်ပေမယ့် ကာဗာနီရဲ့ ဂိုးရရှိမယ့် အခွင့်အရေးကို နောက်ဆုံးခံစစ်မှူးအနေနဲ့ ဖျက်ထုတ်ခဲ့တဲ့ ဘရက်ဒီကို ကွင်းလယ်ဒိုင်က အဝါကတ်ပြားသာ ပြသသတိပေးခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ကစားသမားတွေက ယင်းဖြစ်စဉ်ကို စောဒကတက်ခဲ့ရာမှာ VAR နဲ့ ပြန်လည်စစ်ဆေးခဲ့ပေမယ့် ဘရက်ဒီရဲ့ ပြစ်ဒဏ်ကျူးလွန်မှုကို သာမန်ကာလျှံကာလောက်သာ ကြည့်ရှုခဲ့ပြီး တိုက်စစ်စတင်ချိန်မှာ လုခ်ရှောက ဂူမင်ဆန်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်ဆိုပြီး အဝါကတ်ပြားပြသခဲ့တာဖြစ်ပါတယ်။

နောက်ထပ် မိနစ်အနည်းငယ်အကြာမှာ မန်ချက်စတာယူနိုက်တက်ဟာ ဟယ်ရီမက်ဂွိုင်းယားရဲ့ ခေါင်းတိုက်သွင်းဂိုးကြောင့် အဖွင့်ဂိုး ရရှိသွားခဲ့ပေမယ့် VAR က ယူနိုက်တက်အသင်းခေါင်းဆောင်ဟာ ဘန်လေကစားသမား အဲရစ်ပီတာရဲ့ နောက်ကျောပေါ်ကနေ ခုန်ခဲ့တယ်ဆိုပြီး ဂိုးကို ပယ်ဖျက်ခဲ့ပြီး ဘန်လေကို ပြစ်ဒဏ်ဘော ကန်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။

၂။ ကမ္ဘာ့ထိပ်တန်းခြေစွမ်းအဆင့်အတန်းကို ပြသခဲ့တဲ့ ပေါ့ဂ်ဘာ

Photo: Standard

ပေါ့ဂ်ဘာ အကောင်းတဲ့နေ့တွေမှာဆိုရင် ဘယ်လိုမှ ယှဉ်ကစားလို့မရတဲ့ ကွင်းလယ်ကစားသမားဖြစ်နေလေ့ရှိခဲ့ပြီး ဘန်လေနဲ့ပွဲစဉ်ကလည်း အဲဒီနေ့တွေထဲက တစ်နေ့ဖြစ်ခဲ့ပါတယ်။ ပေါ့ဂ်ဘာဟာ လုပ်သမျှအကုန်ဖြစ်နေခဲ့ပြီး ဘောလုံးပိုင်ဆိုင်နေချိန်မှာ တိကျတဲ့ပေးပို့မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။

 

ယူနိုက်တက်အတွက် အဖိုးတန်အနိုင် ၃ မှတ်ရရှိစေခဲ့တဲ့ သွင်းဂိုးဆိုရင်လည်း အလွန်လှပတဲ့ သွင်းဂိုးဖြစ်ခဲ့ပြီး အမြင့်ကနေ ကျလာတဲ့ဘောလုံးကို ပြီးပြည့်စုံတဲ့နည်းစနစ်နဲ့အတူ အားနဲ့ ကန်သွင်းယူပြခဲ့တာဖြစ်ပါတယ်။ ပေါ့ဂ်ဘာရဲ့ ကန်သွင်းချက်ဟာ ဘန်လေနောက်ခံလူ လိုတန်နဲ့ ထိပြီး နည်းနည်းလမ်းကြောင်းပြောင်းသွားခဲ့ပေမယ့် ဂိုးသမား ပေါင်ကြားထဲကနေ ဝင်သွားခဲ့တဲ့အတွက် ကန်ချက်ကောင်းသလို ကံလည်း ကောင်းခဲ့တယ်လို့ ဆိုရမှာပါ။

ဘန်လေနဲ့ပွဲစဉ်က ပေါ့ဂ်ဘာရဲ့ စွမ်းဆောင်ရည်ပြ ကိန်းဂဏန်းများ

ဖျက်ထုတ်မှု ၁၀၀ ရာခိုင်နှုန်းအောင်မြင်

ပေးပို့မှု ၉၀ ရာခိုင်နှုန်း တိကျ

ခေါင်းယှဉ်တိုက်ရာမှာ ၈၃ ရာခိုင်နှုန်း အနိုင်ရ

ပြိုင်ဘက်အသင်း ခံစစ်ဧရိယာထဲ ပေးပို့မှု ၂၅ ကြိမ်

ဘောလုံးပြန်ဆယ်ယူမှု ၈ ကြိမ်

ဘောလုံးရှင်းထုတ်မှု ၅ ကြိမ်

ပြစ်ဒဏ်ကျူးလွန်ခံရသည့်အရေအတွက် ၄ ကြိမ်

အခွင့်အရေးဖန်တီးနိုင်မှု ၂ ကြိမ်

ကြားဖြတ်လုယူနိုင်မှု ၂ ကြိမ်

ဂိုးကန်သွင်းမှု ၁ ကြိမ်

၃။ ဟယ်ရီမက်ဂွိုင်းယားနဲ့ ဘိုင်လီတို့ရဲ့ အထင်ကြီးဖွယ် တွဲဖက်မှု

Photo: thepeoplesperson

လင်ဒီလော့ဖ် ဒဏ်ရာကြောင့် မပါဝင်နိုင်ချိန်မှာ အဲရစ်ဘိုင်လီဟာ ဟယ်ရီမက်ဂွိုင်းယားနဲ့အတူ ယူနိုက်တက် ဗဟိုခံစစ်မှာ ပွဲထွက်ပါဝင်ကစားပေးခဲ့ပါတယ်။ ဘိုင်လီနဲ့ မက်ဂွိုင်းယားတို့ ၂ ဦးဟာ ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်ဇယားထိပ်ဆုံးနေရာသိမ်းတိုက်ပွဲမှာ အဓိကကျခဲ့တဲ့ကစားသမားတွေ ဖြစ်ပါတယ်။ မက်ဂွိုင်းယားဟာ ခွင့်ပြုခြင်းမခံခဲ့ရတဲ့ အလွန်ကောင်းမွန်တဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့အတူ ဝုဒ်ကိုရော ဘန်းစ်ကိုပါ ဘာမှ လုပ်မရအောင် ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

ဘိုင်လီရော မက်ဂွိုင်းယားပါ အမြင့်ဘောတွေကို ထိန်းချုပ်ထားနိုင်ခဲ့တာကြောင့် ဘန်လေအသင်းရဲ့ တိုက်ရိုက်ဘောကစားကွက်ကို သုံးစားမရအောင် ဖြစ်စေခဲ့ပါတယ်။ ဘိုင်လီဟာ ပွဲပြီးဆုံးခါနီးမှာ ဗိုင်ဒရာရဲ့ ကန်သွင်းချက်ကို အကောင်းဆုံးပိတ်ဆို့ကာကွယ်နိုင်ခဲ့ပြီး ယူနိုက်တက်ရဲ့ အဝေးကွင်း နောက်ဆုံး ၁၀ ပွဲမှာ ပထမဆုံးအကြိမ် ပေးဂိုးမရှိတဲ့ အဝေးကွင်းပွဲစဉ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။