နိုဗဲလ်ကိုရိုနာဗိုင်းရပ်စ်ဟာ တစ်ကမ္ဘာလုံးက လူတန်းစားမရွေး ခြိမ်းခြောက်နေတဲ့ ကပ်ဘေး‌ရောဂါဆိုးကြီးတစ်ခု ဖြစ်ပါတယ်။ ဩဂုတ်လ ၁၈ ရက်နေ့အထိ Worldometers ရဲ့ အချက်အလက်တွေအရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုပေါင်း ၂၂ သန်းကျော် ရှိပြီး သေဆုံးသူ ၇ သိန်း ၇ သောင်းကျော် လာပြီလို့ ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသူတွေထဲမှာ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ၊ အင်္ဂလန်က မင်းသားချားလ်စ နဲ့ ကမ္ဘာကျော် ဟောလီဝုဒ်သရုပ်ဆောင် တွမ်ဟန့်ခ်တို့လို ပုဂ္ဂိုလ်တွေလည်း ပါဝင်နေပါတယ်။ ကံ‌အကြောင်းမလှဘဲ COVID-19 ကြောင့် အသက်သေဆုံးသွားခဲ့သူတွေထဲမှာ လူသိများထင်ရှားတဲ့ ပုဂ္ဂိုလ်ကျော်များလည်း ပါပြီး ဒီထဲက တစ်ချို့အကြောင်း ဖော်ပြပေးချင်ပါတယ်။

(၁) ထရီနီလိုပက်ဇ် (၈၃ နှစ်)

Photo: The Independent

Lemon Tree နဲ့ If I Had a Hammer စတဲ့ သီချင်းတွေ သီဆိုခဲ့သူ အမေရိကန်အဆိုကျော်နဲ့ သရုပ်ဆောင်ဟာ ဩဂုတ်လ ၁၁ ရက်နေ့မှာ COVID-19 နဲ့ ကယ်လီဖိုးနီးယားမှာ ကွယ်လွန်သွားပါတယ်။

(၂) ဂျိုးဒစ်ဖိုင်း (၆၁နှစ်)

Photo: tennessean

ဂျိုးဒစ်ဖိုင်းကတော့ အမေရိကန် Country Singer တစ်ဦးပါ။ ဂရမ်မီဆုရှင်နဲ့ Grand Ole Opry ရဲ့ သက်တမ်းရင့် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ သူ့ကို Pickup Man နဲ့ John Deere Green သီချင်းတွေနဲ့လည်း လူသိများပါတယ်။ ၁၉၉၀ နှစ်လယ်ပိုင်းက ထွက်ခဲ့တဲ့ Honkey Tonk Attitude နဲ့ Third Rock From the Sun တို့ဟာ ပလတ်တီနမ်တန်းဝင်ခဲ့ပါတယ်။

(၃) နစ်ခ်ကာဒီရို (၄၁ နှစ်)

Photo: durhamradionews

ဘရော့ဒ်ဝေးလ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ နစ်ခ်ကာဒီရိုဟာ လော့စ်အိန်ဂျလိစ် Cedars-Sinai Medical Center မှာ ရက် ၉၀ ကျော် ကုသမှုခံယူခဲ့ပေမယ့် အသက်မမှီခဲ့ပါဘူး။ ကနေဒီယန်သရုပ်ဆောင်ဟာ Rock of Ages ၊ Waitress နဲ့ Bullets over Broadway ပြဇာတ်တွေနဲ့ နာမည်ကျော်သူ ဖြစ်ပါတယ်။

(၄) ကင်မ်ရှီမူယာ (၇၀နှစ်)

Photo: Nikkei Asia Review

ဂျပန်ဟာသသရုပ်ဆောင်တစ်ဦးဖြစ်ပြီး လူချစ်လူခင်များလှတဲ့ ကင်မ်ရှီမူယာဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုလှိုင်း မြင့်တက်ခဲ့တဲ့ မတ်လ ၂၇ ရက်နေ့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီး မတ်လ ၂၀ ရက်နေ့မှာ ဆေးရုံတင်ခဲ့ရပါတယ်။ မတ်လ ၂၉ ရက်နေ့မှာ ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၀ ရှိပြီ ဖြစ်ပါတယ်။

(၅) မာနု ဒိုင်ဘန်ဂို (၈၆ နှစ်)

Photo: France 24

ဂန္ဓဝင် ဂျက်ဇ်ဂီတပညာရှင်နဲ့ ဆက်ဆိုဖုန်းတီးမှုတ်သူ မာနုဒိုင်ဘန်ဂိုလည်း မတ်လ ၂၄ ရက်နေ့မှာ ကွယ်လွန်အနိစ္စရောက်ခဲ့ပါတယ်။ ဒိုင်ဘန်ဂိုဟာ Afro Jazz လှုပ်ရှားမှုကို ဦးဆောင်ခဲ့ပြီး ၁၉၇၀ ပြည့်လွန်နှစ်မှာ ကမ္ဘာ့ဂီတရဲ့ Pioneer အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။