မအောင်မြင်ခင်မှာ ပလ္လင်ဝေးလို့ ကုတင်လေးနဲ့တောင် မအိပ်ရဘူးလို့ ပြောစမှတ် ရှိပါတယ်။ လူတွေရဲ့ ဘဝခရီးလမ်းဟာ အနိမ့်အမြင့် ၊ အတက်အကျ များလွန်းလို့ တစ်ခါတလေမှာ မယုံနိုင်အောင် ဆန်းပြားတဲ့ဘဝနဲ့လည်း ကြုံရတတ်စမြဲပါ။
ကမ္ဘာပေါ်က အကျော်အမော် ထိပ်ထိပ်ကြဲ ချမ်းသာအောင်မြင်နေပါတယ်ဆိုတဲ့ Celebrities တွေလည်း လောကဓံရဲ့ စမ်းသပ်ချက်မှာ ကိုယ်ကျရာ ဇာတ်ရုပ်ကနေ တင်ဆက်လာခဲ့တာ တချို့ဆို မကျော်ကြားခင်မှာ အိုးမဲ့အိမ်မဲ့ဘဝနဲ့ နေခဲ့ရတာတွေလည်း ရှိပါတယ်။ ဒီလို အိမ်ခြေရာမဲ့ ဖြစ်ခဲ့ဖူးတဲ့ နာမည်ကြီးအမျိုးသားတွေထဲက ထင်ရှားတဲ့ ဟောလီဝုဒ်က ပုဂ္ဂိုလ်တချို့အကြောင်း ပြောပြချင်ပါတယ်။
(၁) ဂျင်မ်ကာရေး
Photo: The Things
သူ့ရုပ်ရှင်တွေကြည့်ရင်းနဲ့ ခင်ဗျားတို့ ပြုံးခဲ့ဖူးကောင်း ပြုံးခဲ့ဖူးမယ်။ ဝါးလုံးကွဲအောင်လည်း ရယ်မောခဲ့ဖူးပါလိမ့်မယ်။ ကမ္ဘာကျော် ဟာသသရုပ်ဆောင်ဂျင်မ်ကာရေးရဲ့ ဘဝက ပြုံးစရာ တစ်ကွက်မှ မရှိပါဘူး။
အလယ်အလတ် အောက်လွှာမိသားစုက မွေးလာတဲ့ ဂျင်မ်ကာရေးနဲ့ သူ့မိသားစုဟာ ဖခင်ဖြစ်သူ အလုပ်ပြုတ်ပြီးနောက် တစ်မိသားစုလုံး ဗင်ကားကို အိမ်လုပ်ပြီး နေခဲ့ရပါတယ်။ မိသားစုဝမ်းရေးအတွက် ဂျင်မ်ကာရေးဟာ ၁၅ နှစ်သားနဲ့ ကျောင်းထွက်ပြီး ကျောင်းစောင့်လုပ်ခဲ့ရပါတယ်။
(၂) တိုင်လာ ပယ်ရီ
Photo: The Things
တိုင်လာပယ်ရီကို ဟောလီဝုဒ်ရဲ့ အချမ်းသာဆုံးတစ်ယောက်လို့ သတ်မှတ်ထားပါတယ်။ အခု သူ့ရဲ့ ပိုင်ဆိုင်မှုက ဒေါ်လာ ဘီလျံ ၂၀ ခန့် ရှိပါတယ်။ ဒီလောက် ချမ်းသာတဲ့သူဟာ တစ်ခါကတော့ ခြေသလုံးအိမ်တိုင် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ဖူးပါတယ်။
ငယ်စဉ်ဘဝမှာ နှိပ်စက်တတ်တဲ့ ဖခင်နဲ့ ကြီးခဲ့ရသလို လိင်ပိုင်း စော်ကားခံရမှုတွေလည်း ကြုံခဲ့တဲ့သူဟာ အထက်တန်းကျောင်းက မထွက်ခင်မှာ ကိုယ်ပိုင်ဘဝနဲ့ ရပ်တည်ဖို့ ကြိုးစားခဲ့ပါတယ်။ ဟောလီဝုဒ်မှာ ခြေမချခင် သုံးစရာပိုက်ဆံ မရှိလို့ ကားဖိုး မပေးနိုင်ခဲ့ရာကနေ လမ်းပေါ် နေဖို့အထိ ဖြစ်လာခဲ့ပါတယ်။ ဆက်တိုက်ကြိုးစားမှုရဲ့ ရလဒ်အဖြစ် နောက်တော့ ဟောလီဝုဒ်မှာ ဝင်ငွေအကြမ်းဆုံး အနုပညာရှင် ဖြစ်ခဲ့တာပါ။
(၃) ဒန်နီယယ် ခရေ့ချ်
Photo: The Things
James Bond မင်းသားအဖြစ် လူသိများတဲ့ ဒန်နီယယ် ခရေ့ချ်လည်း အိမ်မရှိယာမရှိဘဝကို နှစ်အတန်ကြာ ဖြတ်သန်းခဲ့ရပါတယ်။ ရုပ်ရှင်လောကထဲ ဝင်ဖို့ ကြိုးစားနေချိန်မှာ အဆင်မပြေမှုတွေ တောက်လျှောက် ကြုံခဲ့ရပေမယ့် လက်မလျှော့တမ်း ဆက်ကြိုးစားခဲ့တာပါ။
National Youth Theatre နဲ့ Guildhall School of Music and Drama ကျောင်းတွေလည်း တက်ခဲ့ပြီး ကျောင်းမှာလည်း သိပ်ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကာလတွေမှာ သူဟာ ပန်းခြံပေါ်က ခုံတန်းလျားတွေကို အိပ်ရာလုပ်ခဲ့ရပြီး နောက်ဆုံးမှ James Bond ဘဝကို ရောက်ခဲ့တာ ဖြစ်ပါတယ်။
(၄) ဆီဗက်စတာ စတားလုံး
Photo: The Things
စတားလုံးအကြောင်း ဇာတ်လမ်းတော်တော်များများ ကြားဖူးမှာပါ။ ၁၉၇၀ နှစ်ဆန်းပိုင်းတွေက ကမ္ဘာကျော် လက်ဝှေ့ရုပ်ရှင်ဖြစ်လာမယ့် Rocky ကို ကိုယ်တိုင် ရေးသား ၊ သရုပ်ဆောင်ရင်း အောင်မြင်ဖို့ လမ်းစရှာနေတဲ့လူတစ်ယောက်ဟာ ကံအကြောင်းမသင့်ချိန်မှာ အချစ်ဆုံး ခွေးကို ရောင်းခဲ့ရသလို နေစရာမရှိလည်း ဖြစ်ခဲ့ရပါတယ်။
Photo : Thethings