တရားထိုင်ခြင်းဟာ အခုချိန်မှာ အကျော်ကြားဆုံးနဲ့ လူသိအများဆုံး စိတ်လေ့ကျင့်ခန်းတစ်ခုအဖြစ် နာမည်ကြီးနေပါတယ်။ အရင်ကတော့ Meditation လုပ်သူတွေဟာ အာရှဒေသက ဖြစ်ပေမယ့် အခုဆို အနောက်ကမ္ဘာက ချမ်းသာကြွယ်ဝသူတွေနဲ့ မင်းသားမင်းသမီးတွေအကြားပါ တရားထိုင်တဲ့အလုပ်ကို လုပ်လာကြပြီ ဖြစ်ပါတယ်။ ဒါဟာ Meditation က ပေးတဲ့ အကျိုးကျေးဇူးကို လက်တွေ့သိလာကြာတာကြောင့်လည်း ဖြစ်ပါတယ်။ နာမည်ကြီးပုဂ္ဂိုလ်တွေထဲက Meditation လုပ်တဲ့သူတချို့အကြောင်း ပြောပြချင်ပါတယ်။
(၁) David Lynch

Photo: thethings
ဒေးဗစ်လင့်ချ်ဟာ နာမည်ကျော် အမေရိကန်ရုပ်ရှင်ထုတ်လုပ်သူ ၊ Visual Artist ၊ ဂီတပညာရှင်နဲ့ ရုပ်ရှင်မင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။ အရင်က ဒေါသကြီးပြီး စိတ်ဓါတ်ကျတဲ့ ဝေဒနာခဏခဏ ခံစားခဲ့ရတဲ့သူဟာ သူ့နှမ အကြံပေးတာကြောင့် တရားထိုင်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ၁၉၇၃ ခုနှစ်ကနေ ဒီနေ့အထိ တရားမထိုင်ဖြစ်တဲ့ရက် တစ်ရက်မှ မရှိဘူးလို့တောင် ပြောပါတယ်။
(၂) Russel Brand

Photo: thethings
ကေတီပယ်ရီရဲ့ ယောင်္ကျားဟောင်း ရက်ပ်ဆဲလ်ဘရန်းကတော့ ဟာသသရုပ်ဆောင် ၊ စာရေးဆရာနဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးပါ။ သူလည်း တရားထိုင်လာတာ ဆယ်စုနှစ်တစ်ခုနီးပါး ရှိလာပြီလို့ ဆိုပါတယ်။ တစ်နေ့ကို နှစ်ကြိမ် တရားထိုင်လေ့ရှိပြီး တရားထိုင်ခြင်းရဲ့ အကျိုးကျေးဇူးနဲ့ တရားထိုင်ဖို့လှုံ့ဆော်သူတစ်ဦးအဖြစ်လည်း ထင်ရှားပါတယ်။
(၃) Hugh Jackman

Photo: thethings
Wolverine မင်းသားကြီး ဟုခ်ဂျက်မင်းဟာ လူတင် ဘော်ဒီတောင့်တာ မဟုတ်ဘဲ စိတ်ဓါတ်လည်း ကြံ့ခိုင်သူဖြစ်ပါတယ်။ ဟုခ်ဂျက်မင်းဟာ တရားထိုင်ခြင်းကို ရုပ်ရှင်အနုပညာအောင်မြင်ဖို့အတွက် အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ လေ့ကျင့်ခဲ့တာပါ။ တရားထိုင်မှုလုပ်ပြီး လအနည်းငယ်အကြာမှာ သူဟာ စိတ်အေးချမ်းပြီး တည်ငြိမ်အေးဆေးလာတာကို ကိုယ်တိုင် ခံစားခဲ့ရပါတယ်။ တရားထိုင်မှုရဲ့ အကျိုးကြောင့် သူ့ရဲ့ သရုပ်ဆောင်မှုပိုင်းအပြင် မိသားစုဆက်ဆံရေးမှာပါ ပိုပြီး တိုးတက်ကောင်းမွန်လာခဲ့ပါတယ်။
(၄) Keanu Reeves

Photo: thethings
ကီနူးရိဗ်စ်ကိုယ်တိုင်က ဗုဒ္ဓဘာသာဝင်မဟုတ်ပေမယ့် ဗုဒ္ဓဘာသာအဆုံးအမတွေနဲ့ မစိမ်းတဲ့ မင်းသားကြီး ဖြစ်ပါတယ်။ သူကိုယ်တိုင်တောင် Little Buddha ရုပ်ရှင်မှာ သရုပ်ဆောင်ခဲ့ဖူးပါတယ်။ ၂၀၂၀ ဂျုလိုင်မှာ ကီနူးရိဗ်ဟာ HBO Max ရဲ့တရားထိုင်ခြင်းအကြောင်း စီးရီးတစ်ခုဖြစ်တဲ့ A World of Calm မှာ ပါဝင်ခဲ့ပါတယ်။
(၅) Jack Dorsey

Photo: gigazine
ကမ္ဘာကျော်Social Media ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Twitter တည်ထောင်သူနဲ့ ဘဏ္ဍာရေးဆိုင်ရာကုမ္ပဏီ Square ရဲ့ CEO ဂျက်ခ်ဒေါ်ဆီဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကပဲ မြန်မာနိုင်ငံကိုလာပြီး ၁၀ ရက်တရားစခန်းဝင်ခဲ့သူ ဖြစ်ပါတယ်။ မွေးနေ့အထိမ်းအမှတ်အနေနဲ့ တရားစခန်းဝင်ခဲ့တာ ဖြစ်ပါတယ်။ တရားထိုင်ခြင်းနဲ့ ပတ်သက်လို့ သူ့ရဲ့ခံယူချက်ကတော့ တရားထိုင်တယ်ဆိုတာ “စိတ်ရဲ့ အနက်ရှိုင်းဆုံးအလွှာကို ဖောက်ထွင်းပြီး ပရိုဂရမ်ပြန်ဆွဲတဲ့အလုပ်” လို့ တင်စားထားပါတယ်။
