ကားမတော်တဆမှုမှတဆင့် လူ့အသက်ကို ကယ်တင်လိုက်ခြင်း (သို့) ကိုယ့်ကိုယ်ပိုင်ပိုက်ဆံဖြင့် သူများရဲ့အကြွေတွေကို ဆက်ပေးလိုက်တဲ့ နည်းလမ်းများဖြင့် နာမည်ကြီးမင်းသားများသည် ဟီးရိုးပုံစံ ပြုမူလေ့ရှိကြပါတယ်။

ကိုယ်တတ်စွမ်းတဲ့ ခွန်အားဖြင့် လူအများကို ကူညီခြင်းသည် ကောင်းတဲ့အလုပ်ဖြစ်ပေမယ့် မတော်တဆမှုသည် ဘယ်နေရာမှာဖြစ်မလဲဆိုတာ ဘယ်သူမှကြိုမသိနိုင်တဲ့အတွက်ကြောင့် ထိုအချင်းအရာကို မှတ်တမ်းတင်ဖို့ရန်အတွက် မီဒီယာသမားများသည် ထိုအခင်းဖြစ်ပွားရာနေရာမှာ ရှိနေနိုင်မှာမဟုတ်ပါဘူး။ လူနည်းစုလောက်ကသာ သင့်ရဲ့သူရဲကောင်းဆန်မှုကို အသိအမှတ်ပြုကြမှာပါ။

ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာ ဟီးရိုးနေရာက ဝင်သရုပ်ဆောင်ထားကြတဲ့ ရုပ်ရှင်မင်းသားများသည်လည်း တကယ့်အရေးကြုံလာတဲ့အခါ မိမိမျက်စိရှေ့တွင် အကူအညီလိုအပ်နေသူများကို သူရဲကောင်းဆန်ဆန်ကူညီတတ်ကြပါသေးတယ်။

Delivery သမားကို ဓားပြရန်က ကာကွယ်ပေးခဲ့တဲ့ Benedict Cumberbatch

Benedict Cumberbatch

၂၀၁၈ ခုနှစ်တုန်းကပေါ့။ Cumberbatch က Uber တက္ကစီကားပေါ်မှာပါ။ Delivery ပို့သမားတစ်ယောက်ရဲ့စက်ဘီးကို လူလေးယောက်က လုယူဖို့ ကြိုးစားနေစဉ်မှာပဲ ထိုမင်းသားသည် ချက်ချင်းဆိုသလို ဒုက္ခရောက်နေသူထံ သွားရောက်ကူညီခဲ့လိုက်ပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ Delivery ပို့သမားလည်း ဘာဒဏ်ရာမှ မရခဲ့သလို သူ့ရဲ့စက်ဘီးလည်း အလုမခံလိုက်ရပါဘူး။

မော်တော်ဆိုင်ကယ်သူခိုးနှစ်ယောက်ကို ဖမ်းပေးနိုင်ခဲ့တဲ့ Tom Hardy

Tom Hardy

၂၀၁၇ ခုနှစ်တုန်းက လန်ဒန်မြို့ရဲ့အနောက်တောင်ဘက်တွင် ဆယ်ကျော်သက် နှစ်ယောက်သည် မော်တော်ဆိုင်ကယ်တစ်စီးကို ခိုးယူနေတာကို Tom Hardy တစ်ယောက် မျက်မြင်တွေ့ခဲ့ပါတယ်။ Tom တစ်ယောက် ထိုသူခိုးနှစ်ယောက်နောက်ကနေ ထပ်ကြပ်မကွာလိုက်ပြီး အမိဖမ်းဖို့ ကြိုးစားခဲ့ပါတယ်။ ဆယ်ကျော်သက်ကောင်လေးနှစ်ယောက်သည် ကြောက်သွားခဲ့ဟန်တူပါတယ်။ ဆိုင်ကယ်မောင်းရာမှာ ဟန်ချက်ထိန်းမရတော့ဘဲ Tom Hardy လည်း သူခိုးနှစ်ယောက်ကို အမိဖမ်းနိုင်ခဲ့တာပါ။ ထို့နောက် သူတို့ရဲ့ နိုင်ငံသားမှတ်ပုံတင်ကဒ်ကို စစ်ဆေးပြီး ရဲတွေ ရောက်မလာခင်အချိန်အထိ ထိုသူနှစ်ယောက် ထွက်ပြေးလို့မရအောင် ကြိုးစားခဲ့ပါတယ်။

ကားထဲမှာ ပိတ်မိနေတဲ့ မိသားစုကို ကယ်တင်ပေးခဲ့တဲ့ Vin Diesel

Vin Diesel

ဟောလိဝုဒ်မြို့ထဲတွင် မော်တော်ဆိုင်ကယ် ပတ်မောင်းနေစဉ် ကားတစ်စီးက ဟန်ချက်ပျက်သွားပြီး ကားမှောက်သွားခဲ့တာကို Vin Diesel တွေ့မြင်ခဲ့ပါတယ်။ ချက်ချင်းဆိုသလိုပဲ သူ့ဆိုင်ကယ်ကနေ ခုန်ဆင်းပြီး ကားထဲမှာပိတ်မိနေတဲ့ ကလေးငယ်များနဲ့ ကားမောင်းသမားကို ကယ်ထုတ်ပေးခဲ့ပါတယ်။

ရိုက်ကွင်းထဲမှာ ဒဏ်ရာရတော့မယ့် ဖြတ်လျှောက်သရုပ်ဆောင်တစ်ဦးကို ကယ်တင်ပေးခဲ့တဲ့ Brad Pitt

Brad Pitt

World War Z  လို့ခေါ်တဲ့ ဇွန်ဘီဇာတ်ကားကို အားလုံးပဲ မှတ်မိကြဦးမယ် ထင်ပါတယ်။ လူ ၇၀၀ ခန့်ဖြင့် ဇွန်ဘီတွေ တစ်အုပ်တစ်မကြီး ချီတက်ကျူးကျော်လာတဲ့ဇာတ်ဝင်ခန်းကို ရိုက်ကူးနေစဉ်မှာ အမျိုးသမီးတစ်ယောက်သည် အမြင့်ပေါ်ကနေ ခြေချော်ပြီး ပြုတ်ကျတော့မှာကို Brad Pitt တစ်ယောက် မြင်တွေ့ကာ ထိုအမျိုးသမီးကို ကယ်တင်နိုင်ခဲ့ပါတယ်။ Brad Pitt ကျေးဇူးကြောင့် ထိုအမျိုးသမီးလည်း ဒူးခေါင်းအနည်းငယ် ထိခိုက်ခဲ့ရုံမှအပ ဒဏ်ရာ ကြီးကြီးမားမားတော့ မရခဲ့ပါဘူး။ နောက်မှ ကြားသိခဲ့ရတာကတော့ ထိုဇာတ်ဝင်ခန်းကြောင့် ဖြတ်လျှောက်သရုပ်ဆောင်တော်တော်များများ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတာပါပဲ။

ကားတိုက်ခံရတော့မယ့် အမျိုးသမီးကို လက်မတင်ကလေး ကယ်တင်ခဲ့တဲ့ Ryan Gosling

Ryan Gosling

၂၀၁၂ ခုနှစ်ခန့်က အင်္ဂလိပ်လူမျိုး ဘလော့ဂါအမျိုးသမီးတစ်ဦးသည် ကားလမ်းဖြတ်ကူးမယ့်အချိန်တွင် အရှိန်ပြင်းသော တက္ကစီတစ်စီးက သူ(မ)ကို တိုက်မိမလို ဖြစ်သွားခဲ့ပါတယ်။ နယူးယော့ခ်မြို့ရဲ့ကားလမ်းပြောင်းပြန်စနစ်နဲ့ အသားမကျသေးတဲ့ သူ(မ)ကို Ryan Gosling က လှမ်းမြင်ပြီး သူ(မ)ကို လှမ်းဆွဲကာ ကယ်တင်ပေးနိုင်ခဲ့ပါတယ်။

Source: Brightside.me