တစ်ချိန်က ချယ်လ်ဆီးအသင်းရဲ့ အထွန်းတောက်ဆုံး ကြယ်တစ်ပွင့်ဖြစ်ခဲ့တဲ့ ဂန္တဝင်ဂိုးသမားဟောင်း ပီတာချက်ကိုတော့ လက်ရှိမှာချယ်လ်ဆီးအသင်းရဲ့ လှုပ်ရှားမှုပုံရိပ်တွေနဲ့အတူ ပြန်လည်မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၂၁) ရက်နေ့ သောကြာနေ့မှာတော့ ဂိုးသမားဟောင်း ပီတာချက်ကို ချယ်လ်ဆီးအသင်းရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အကြံပေးဒါရိုက်တာအဖြစ် ခန့်အပ်လိုက်ပြီးဖြစ်ကြောင်း တရားဝင်ကြေငြာခဲ့တာဖြစ်ပါတယ်။

ပီတာချက်ဟာ ပြီးခဲ့တဲ့ဘောလုံး ရာသီမှာကတည်းက ချယ်လ်ဆီးအသင်းကို နည်းစနစ်ပိုင်းဆိုင်ရာအကြံပေးအဖြစ်နဲ့ တကျော့ပြန် ပြန်လည်ရောက်ရှိလာမယ်ဆိုတဲ့ သတင်းတွေကလည်း ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေခဲ့တာကြောင့် ချယ်လ်ဆီးပရိသတ်တွေအတွက် ရင်ခုန်စရာကောင်းနေခဲ့မယ်ဆိုတာ သေချာပါတယ်။

Source : Google News – Overview

အသက် (၃၇) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂိုးသမားဟောင်း ပီတာချက်ဟာ ချယ်လ်ဆီးအသင်းမှာ (၂၀၀၄) ခုနှစ်မှ (၂၀၁၅) ခုနှစ်အထိ ဆယ်စုနှစ်တစ်ခုကျော်အကြာ ကစားသမားဘဝနဲ့ ဖြတ်သန်းခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ ဇွန်လကမှ အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ ကစားခဲ့တာဖြစ်ပါတယ်။

ပီတာချက်ဟာ အာဆင်နယ်အသင်းမှာ (၄) နှစ်ကြာကစားခဲ့ပြီးနောက် ပြီးခဲ့တဲ့၂၀၁၈-၂၀၁၉ ဘောလုံးရာသီကုန်မှာ အာဆင်နယ်အသင်း အတွက်ယူရိုပါလိဂ်ဖိုင်နယ်ပွဲစဉ်ကို နောက်ဆုံးကစားခဲ့ကာ ကစားသမားဘဝမှ အနားယူသွားခဲ့တာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းအနေနဲ့ ပီတာချက်ကို နည်းစနစ်ပိုင်းဆိုင်ရာအကြံပေး ရာထူးနဲ့ အသင်းသို့ပြန်လည်ခေါ်ယူရန် ပြီးခဲ့တဲ့ဘောလုံး ရာသီမကုန်ခင်ကတည်းက ကြိုးစားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Source : Sky Sports

ပီတာချက်အနေနဲ့ ချယ်လ်ဆီးအသင်းမှာ ကစားသမားတစ်ယောက်အနေနဲ့ မဟုတ်တော့ပေမယ့်လည်း နည်းစနစ်ပိုင်းဆိုင်ရာ အကြံပေးတစ်ယောက်အဖြစ်နဲ့ အခုလိုတစ်ကျော့ပြန် ပြန်လည်ပေါင်းစပ်ခွင့်ရတဲ့အတွက် အရမ်းကိုဂုဏ်ယူဝမ်းမြောက်မိတယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့ ချယ်လ်ဆီးအသင်းရဲ့ ဒါရိုက်တာဖြစ်သူ ဂရန်နော့ဗ်စကီယာနှင့် အတူတူ ပူးပေါင်းပြီး အသင်းတိုးတက်ရေးအတွက် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Source : SuperSport

ပီတာချက်ဟာ ကစားသမားဘဝမှာ ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၊ အက်ဖ်အေဖလား ၊ ယူရိုပါလိဂ်ဖလား ၊ လိဂ်ဖလား စတဲ့အောင်မြင်မှုမှတ်တမ်းများစွာရရှိအောင် လက်စွမ်းပြကစားခဲ့သလို လက်ရှိနည်းစနစ်ပိုင်းဆိုင်ရာ အကြံပေးရာထူးနဲ့လည်း ချယ်လ်ဆီးအသင်းရဲ့ ပုံရိပ်ကို မြှင့်တင်ပေးနိုင်ဦးမလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။