ချယ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်ဟာ အယူခံအောင်မြင်သွားခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ပိတ်ဆို့မှုပြစ်ဒဏ်အပေါ် ချယ်ဆီးအသင်းက ဘယ်တုန်းကမှ မျှော်လင့်ထားခဲ့ခြင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

တနင်္လာနေ့နေ့လယ်မှာ အားကစားခုံသမာဓိရုံးက ဥရောပပြိုင်ပွဲအားလုံးကို ၂ ရာသီ ဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံထားရတဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ ပြစ်ဒဏ်ကို ပယ်ဖျက်ပေးခဲ့တာဖြစ်ပြီး ဒဏ်ကြေးငွေကိုလည်း ပေါင် ၂၅ သန်းကနေ ၈.၉ သန်းအထိ လျှော့ချပေးခဲ့တာဖြစ်ပါတယ်။

Photo: Metro

မန်ချက်စတာစီးတီးအသင်းရဲ့ လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ဆို့ခံရနိုင်တဲ့အလားအလာက ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၅ နေရာမှာ ရာသီပြီးဆုံးမယ့်အသင်းအတွက် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ ရရှိလိမ့်မယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာစီးတီးအသင်းရဲ့ ပိတ်ဆို့မှုပြစ်ဒဏ်ကို ပယ်ဖျက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးလေးနေရာအတွင်းက အသင်းတွေသာ လာမယ့်နှစ် ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိတော့မှာဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပေမယ့် စနေနေ့က ရှက်ဖီးယူနိုက်တက်ကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့မှုကြောင့် အမှတ်ကွာဟချက်ပိုမိုနည်းပါးခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် မရေမရာဖြစ်လာနေတာဖြစ်ပါတယ်။

Photo: Sports Mole

“ကျွန်တော် အဲဒီကိစ္စအပေါ်မှာ တော်တော်လေးကို ကြားနေဝါဒပါပဲ။ တကယ်ပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် အများကြီးမသိဘူး။ ဒါမှမဟုတ် အသေးစိတ်ဘာမှကိုမသိပါဘူး။ ကျွန်တော်က ဒီနေ့မနက်မှာ အားလုံးလုပ်ခဲ့ကြတဲ့အတိုင်း ရလဒ်ကို နားထောင်ခဲ့တာပဲရှိပါတယ်”

“ကစားဖို့ရှိနေတဲ့ ပွဲစဉ်တွေထက်ကျော်လွန်ပြီး ကျွန်တော် တကယ့်ကို ဘာမှမမြင်ပါဘူး။ ကျွန်တော်တို့ အခု ပွဲအနည်းငယ်ကစားဖို့ ရှိပြီး အဲဒီပွဲတွေကို အနိုင်ရချင်ပါတယ်။ ပြီးရင်တော့ ကျွန်တော်တို့ လာမယ့်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရ၊ မရ ကြည့်ရတာပေါ့”

“ကျွန်တော် ဘယ်တုန်းကမှ ကျွန်တော့်ရဲ့မျှော်လင့်ချက်ကို တစ်သင်းမပါရလို့ တစ်သင်းဝင်ကစားမယ့်အဓိပ္ပာယ်အပေါ် မထားခဲ့ဖူးပါဘူး”လို့ ပြောကြားခဲ့ပါတယ်။