မေလ (၁၆) ရက်က အမေရိကန်နိုင်ငံမှာ ခြေစမ်းပွဲအဖြစ်ကစားခဲ့တဲ့ နယူးအင်္ဂလန်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ ပွဲစဉ်မှာတော့ ချယ်လ်ဆီးကွင်းလယ်ကစားသမား လော့ဖ်တပ်ချိခ်တစ်ယောက် ခြေထောက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ဒုတိယပိုင်းပွဲကစားချိန်မှ လူစားလဲဝင်ရောက်လာခဲ့တဲ့ လော့ဖ်တပ်ချိခ်ဟာ ပွဲကစားချိန် (၆၉) မိနစ်မှာပဲ နယူးအင်္ဂလန်အသင်း ကစားသမားတစ်ဦးနှင့် မတော်တဆထိခိုက်မိကာ အခုလိုခြေဖနောင့် ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကစားသမားလော့ဖ်တပ်ချိခ်ရဲ့ ဒဏ်ရာအခြေအနေဟာ တိတိကျကျမသိရသေးဘဲ စစ်ဆေးကုသမှုတွေ ဆက်လက်ပြုလုပ်လျက်ရှိတာပဲ ဖြစ်ပါတယ်။

Source : MSN.com

ချယ်လ်ဆီးအသင်းအနေနဲ့ အဆိုပါပွဲစဉ်မှာ (၃-ဝ) ဂိုးပြတ်ရလဒ်နဲ့ အနိုင်ရရှိခဲ့ပေမယ့်လည်း ကွင်းလယ်မှာ အဓိကအားထားရတဲ့ အသက် (၂၃) နှစ်အရွယ် အင်္ဂလန်ကွင်းကစားသမား လော့ဖ်တပ်ချိခ် အပြင်းအထန်ဒဏ်ရာရရှိခဲ့တာကြောင့် နိုင်ပွဲရလဒ်က မတန်ခဲ့ဘူးလို့ဆိုရပါမယ်။ လော့ဖ်တပ်ချိခ်အနေနဲ့ အဆိုပါပွဲမှာရရှိခဲ့တဲ့ ဒဏ်ရာကြောင့် အနည်းဆုံး (၅) လကနေ (၉) လအထိ အနားယူရနိုင်ဖွယ်ရှိနေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာဆေးစစ်ချက်တွေကို တစ်ချက်စောင့်ကြည့်ရမှာဖြစ်ပြီး လော့ဖ်တပ်ချိခ်ရဲ့ ခြေဖနောင့်ဒဏ်ရာဟာ ပြင်းထန်ခဲ့မယ်ဆိုရင်တော့ (၁) နှစ်လောက်အထိကို အနားယူရနိုင်ကြောင်း အသင်းတာဝန်ရှိသူတွေက ပြောပါတယ်။

Source : Metro

လော့ဖ်တပ်ချိခ်ဟာ လက်ရှိခြေထောက်ဒဏ်ရာကြောင့် မေလ (၂၉) ရက်မှာယှဉ်ပြိုင်ကစားမယ့် အာဆင်နယ်အသင်းနှင့် ယူရိုပါလိဂ်ဗိုလ်လုပွဲကိုလည်း လွဲချော်ရတော့မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလကလည်း ချယ်လ်ဆီးတောင်ပံကစားသမား အိုဒွိုင်းဟာ အလားတူခြေဖနောင့်ဒဏ်ရာအပြင်းအထန်ရရှိခဲ့တာကြောင့် အနားယူနေခဲ့ရတာဖြစ်ပါတယ်။ အသင်းရဲ့အဓိက အားထားရတဲ့ လူငယ်ကစားသမားနှစ်ဦးစလုံး ဒဏ်ရာပြသနာတွေနဲ့ ကြုံတွေ့နေရတာကြောင့် ယူရိုပါလိဂ်ဗိုလ်လုပွဲသာမက ရာသီအဖွင့် ပွဲစဉ်တွေကိုရော ပါဝင်ကစားနိုင်ခြင်းမရှိတော့တဲ့အတွက် ချယ်လ်ဆီးအသင်းကတော့ အရမ်းကိုကံဆိုးနေတယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

Source : We Ain’t Got No History