ချဲလ်ဆီးအသင်းဟာ မန်ချက်စတာယူနိုက်တက်ရဲ့ နွေရာသီအပြောင်းအရွှေ့ပစ်မှတ်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နောက်ခံကစားသမား ရာဖေး ဗာရန်းကို ကြားဖြတ်ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သတင်းတွေအရ သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ နည်းပြ သောမတ်စ် တူချယ်လက်အောက် ပြီးခဲ့တဲ့ရာသီ ၁၉ ပွဲမှာ ၁၁ ပွဲပေးဂိုးမရှိ အထင်ကြီးဖွယ်ခံစစ်စံချိန်တွေ ရရှိခဲ့ပေမယ့်လည်း အသင်းလူစာရင်းမှာ ဗဟိုခံစစ်နေရာကို အင်အားတိုးမြှင့်ချင်နေတာဖြစ်ပါတယ်။ ဘာနေဗျူးမှာ ဆယ်စုနှစ်တစ်ခုနီးပါး အချိန်ကုန်ဆုံးခဲ့တဲ့ ပြင်သစ်လက်ရွေးစင်နောက်ခံကစားသမားဟာ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေအခိုင်အမာထွက်ပေါ်နေခဲ့ပေမယ့် Eurosport ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးကလည်း ဗာရန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

France defender Varane wants to leave Real Madrid this summer

Photo: MSN

ဗာရန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေကို ရပ်တန့်ထားခဲ့တာဖြစ်ပြီး စိန်ခေါ်မှုအသစ်တွေကို ရှာဖွေဖို့အတွက် ယခုနွေရာသီမှာ အသင်းကို စွန့်ခွာချင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့မယ်ဆိုရင် အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယားနဲ့ ဗာရန်းတို့ တွဲဖက်ကစားနိုင်မှာဖြစ်တာကြောင့် ပြောင်းရွှေ့ဖို့ သင့်တော်ပေမယ့် ချဲလ်ဆီးကလည်း ပြိုင်ပွဲထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗာရန်းသာ ရီးရဲလ်မက်ဒရစ်မှာ ဆက်နေသွားခဲ့မယ်ဆိုရင် နောက်ထပ် ခံစစ်ပစ်မှတ်တွေလည်းရှိနေတယ်လို့ Eurosport က ဖော်ပြခဲ့ပြီး ဗာရန်းဟာ ဆွစ်ဇာလန်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေထွက်ခွာခဲ့ရပြီဖြစ်တဲ့ ပြင်သစ်အသင်းရဲ့ ယူရို ၂၀၂၀ ပွဲစဉ် ၄ ပွဲစလုံးကို ပွဲထွက်ပါဝင်ကစားပေးခဲ့သူဖြစ်ပါတယ်။