အင်္ဂလန်ဝါရင့်ဂိုးသမားကြီး ရောဘတ်ဂရင်းကတော့  လက်ရှိမှာ ဘောလုံးလောကကနေ အပြီးတိုင် အနားယူသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ အသက် (၃၉) နှစ်ရှိပြီဖြစ်တဲ့ ဝါရင့်ဂိုးသမားကြီး ရောဘတ်ဂရင်းဟာ (၂၃) နှစ်တာ ကစားသမားဘဝကို ဖြတ်သန်းခဲ့ပြီးနောက် ယခုနောက်ဆုံးချယ်လ်ဆီးအသင်းနဲ့အတူ ၂၀၁၈ – ၂၀၁၉ ခုနှစ်ရဲ့ ယူရိုပါလိဂ်ချန်ပီယံဆုဖလားရယူကာ ကစားသမားဘဝမှ အနားယူသွားခဲ့တာဖြစ်ပါတယ်။

ဂိုးသမားရောဘတ်ဂရင်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇူလိုင်လက ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ချယ်လ်ဆီးအသင်းမှာ ရာသီကြိုခြေစမ်းပွဲတွေသာ ပါဝင်ကစားခွင့်ရခဲ့ပေမယ့်လည်း အကောင်းဆုံးလက်စွမ်းတွေကို ပြသနိုင်ခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

Source : standard.co.uk

ရောဘတ်ဂရင်းဟာ ကစားသမားသက်တမ်းတစ်လျောက် ဝက်စ်ဟမ်း၊ ကျူပီအာ ၊ နောဝစ်ခ်ျ၊ လိဒ်စ်၊ ဟတ်ဒါဖီးလ် စတဲ့အသင်းတွေမှာ ကစားခဲ့ဖူးပြီး ကစားသမားဘဝရဲ့ နောက်ဆုံးရာသီမှာတော့ ချယ်လ်ဆီးအသင်းနဲ့အတူ ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။

၎င်းရဲ့ ကစားသမားသက်တမ်း (၂၃) နှစ်တာကာလအတွင်းမှာ ကလပ်အသင်းပေါင်းများစွာနှင့်အတူ ပွဲပေါင်း (၆၀၀) ကျော် ပါဝင်ကစားခဲ့ပြီး အင်္ဂလန်အသင်းအတွက်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲပေါင်း (၁၂) ကျော် ပါဝင်လက်စွမ်းပြကစားခဲ့တဲ့ ကစားသမားတစ်ဦးပဲ ဖြစ်ပါတယ်။

ဂိုးသမားရောဘတ်ဂရင်းဟာ ချယ်လ်ဆီးကနေ နောက်ဆုံးကစားသမားဘဝကို အဆုံးသတ်ခဲ့ပေမယ့် ပရိသတ်တွေကို မမေ့နိုင်စရာအမှတ်တရတစ်ခုလည်း ဖန်တီးပေးခဲ့ပါသေးတယ်။

Source : Evening Standard

အဆိုပါ အမှတ်တရဖြစ်ရပ်လေးတစ်ခုကတော့ ယူရိုပါလိဂ်ဗိုလ်လုပွဲရဲ့ ပွဲထွက်လူစာရင်းမှာ ဂိုးသမားရောဘတ်ဂရင်းမပါဝင်ခဲ့သလို အောင်ပွဲခံကစားသမားလို ဂုဏ်ပြုဆုတံဆိပ်ရရှိခြင်းမရှိခဲ့ပေမယ့်လည်း ဂိုးသမားဝတ်စုံပြည့်ဝတ်ဆင်ကာ ချယ်လ်ဆီးအသင်းရဲ့ အသင်းဖော်ကစားသမားတွေနဲ့အတူ ယူရိုပါလိဂ်ဆုဖလားအား ကိုင်မြောက်ကာ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

Source : Chelsea FC

ကစားသမားဘဝနောက်ဆုံးအချိန်လေးမှာ ယူရိုပါလိဂ်ဖလားကြီးရရှိခဲ့ပြီး အသင်းဖော်တွေနဲ့ အတူတူ အောင်ပွဲခံခွင့်ရခဲ့တဲ့အတွက် တကယ့်ကို အမှတ်ရစရာ အခိုက်အတန့်လေးဖြစ်ခဲ့ပါတယ်လို့ ၎င်းကဆိုပါတယ်။ ကစားသမားသက်တမ်းတစ်လျောက် အသင်းအပေါ်တာဝန်ကျေခဲ့တဲ့ ဂိုးသမားရောဘတ်ဂရင်းကို ချယ်လ်ဆီးအသင်းဖော်တွေနဲ့ ပရိသတ်တွေအားလုံး အမှတ်ရနေကြရဦးမှာပဲ ဖြစ်ပါတယ်။