ချယ်ဆီးအသင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါ စတင်ဖြစ်ပွားချိန်တုန်းက ပြုလုပ်ခဲ့တဲ့အတိုင်း နိုင်ငံ့ကျန်းမာရေးဝန်ထမ်းတွေကို စတန်းဖို့ဒ်ဘရစ်ဂျ်ဟိုတယ်မှာ အခမဲ့ တည်းခိုခွင့်ပြုသွားမယ်လို့ သိရပါတယ်။

Photo: Sky Sports

ချယ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ဟာ ဗြိတိန်အစိုးရက နိုင်ငံတော်အဆင့် တတိယအကြိမ် လော့ဒေါင်းချခဲ့ပြီးနောက် နီးစပ်ရာဆေးရုံတွေမှာ မတူညီတဲ့အချိန်အဆိုင်းနဲ့ တာဝန်ထမ်းဆောင်ကြတဲ့အချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေကို ဟိုတယ်အခန်းခ မကုန်ရလေအောင် ကူညီပေးသွားမှာဖြစ်ပါတယ်။ ချယ်ဆီးအသင်းအိမ်ကွင်းထဲမှာတည်ရှိတဲ့ ကော့ပ်သွန်းဟိုတယ်မှာ ကျန်းမာရေးဝန်ထမ်းတွေဟာ မနက်စာကိုလည်း အခမဲ့စားသုံးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

“ဆေးဘက်ဆိုင်ရာဝန်ထမ်းအများစုဟာ နာရီပေါင်းများစွာ အလုပ်လုပ်နေရပြီး အိမ်ကို မပြန်နိုင်တာ ဒါမှမဟုတ် ဗိုင်းရပ်စ် ပျံ့ပွားမှုနှုန်း မြင့်တက်နေတဲ့အချိန်မှာ အချိန်အကြာကြီး အသွားအပြန်မလုပ်နိုင်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”

Photo: Sportstar – The Hindu

“ဟိုတယ်အခန်းတွေကို ဖေဖော်ဝါရီလယ်မှာ အစိုးရက နောက်ထပ် ပြန်လည်သုံးသပ်မှုတွေ မလုပ်ခင်အချိန်အထိ တည်းခိုခွင့်ပြုသွားမှာဖြစ်ပါတယ်။ Millennium ဟိုတယ်နဲ့ အပန်းဖြေစခန်းလုပ်ငန်းစုက နိုင်ငံ့ကျန်းမာရေးဝန်ထမ်းတွေကို အထောက်အကူပြုတဲ့ ဒီဝန်ဆောင်မှုမှာ ထောက်ပံ့ကူညီပေးနေပါတယ်”လို့ ချယ်ဆီးအသင်းက ပြောကြားခဲ့ပါတယ်။