ချယ်လ်ဆီးအသင်းတောင်ပံကစားသမား ဝီလီယံက တရုတ်စူပါလိဂ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ရှန်ဟိုင်းရှင်ဟွာအသင်း မက်လောက်စရာကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့ပြီး အသင်းမှာဆက်လက်ရှိနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရှန်ဟိုင်းရှင်ဟွာအသင်းဘက်ကနေ တစ်ပတ်လုပ်ခလစာ ပေါင် ၂ သိန်း ၃ သောင်းခန့်ဖြင့် ကမ်းလှမ်းခဲ့တဲ့အပြင် ၎င်းနေထိုင်ဖို့ နေအိမ်တိုက်ခန်းတစ်ခန်းနှင့် ကားနှစ်စီးတို့ကို ထည့်သွင်း ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

ဒီလိုကြီးမားလှတဲ့ အခွင့်အရေးများစွာကို ဝီလီယံတစ်ယောက်ပြတ်ပြတ်သားသားပဲ ငြင်းပယ်ခဲ့ကာ ချယ်လ်ဆီးအသင်းမှာပဲ ဆက်နေရန် ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။

Source : Football.London

ရှန်ဟိုင်းရှင်ဟွာအသင်းရဲ့ ကမ်းလှမ်းချက်တွေထဲမှာ ဝီလီယံအတွက် တကယ့်ကို များပြားတဲ့ လစာငွေပမာဏအပြင် ငွေပေးချေရန်မလိုဘဲ နေထိုင်ခွင့်ရမယ့် တိုက်ခန်းတစ်ခန်း၊ ဒရိုက်ဘာပါဝင်တဲ့ ကားနှစ်စီးနှင့် ၎င်းရဲ့ ခရီးစဉ်တွေအတွက် လေယာဉ်လက်မှတ်ကအစ ပြည့်ပြည့်စုံစုံပါဝင်ကြောင်း ဗြိတိန်သတင်းဌာနတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။

အသက် (၃၀) အရွယ် ဘရာဇီးလ်လက်ရွေးစင်ကစားသမား ဝီလီယံကတော့ ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်းမှာ လာမယ့်ဘောလုံးရာသီတစ်နှစ်သာ ကျန်ရှိတော့တာပဲ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းကတော့ အသင်းရဲ့ ချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းများအရ အသက် (၃၀) နဲ့ အထက် ကစားသမားတွေကိုသာ ကာလတိုစာချုပ် ချုပ်ဆိုလေ့ရှိတာဖြစ်ပါတယ်။

Source : Sports Mole

သို့သော်လည်း ချယ်လ်ဆီးအသင်းနဲ့အတူ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ယူရိုပါလိဂ်ဖလား ၊ ချန်ပီယံလိဂ်ဝင်ခွင့်စတဲ့ အောင်မြင်မှုများစွာရရှိခဲ့တာကြောင့် ဝီလီယံဟာ အသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အာရှကေလပ်အသင်းသို့ ပြောင်းရွှေ့ခြင်းက မိသားစုအတွက်လည်း အဆင်မပြေမှုတွေ ရှိလာနိုင်တယ်လို့ယူဆကြောင်း ၎င်းကဆိုပါတယ်။

Source : talksport.com

ဝီလီယံဟာ ချယ်လ်ဆီးအသင်းကို ၂၀၁၃ – ၂၀၁၄ ဘောလုံးရာသီမှ စတင်ရောက်ရှိလာခဲ့တာဖြစ်ပြီး ကစားသမားသက်တမ်း ခြောက်နှစ်အတွင်း ချယ်လ်ဆီးအသင်းနဲ့အတူ ပွဲပေါင်း (၂၉၂) ပွဲကစားထားကာ သွင်းစုစုပေါင်း (၅၂) ဂိုးသွင်းယူထားပြီး ပရီးမီးယားလိဂ်ချန်ပီယံ နှစ်ကြိမ်၊ FA ဖလား၊ လိဂ်ဖလားနှင့် ယူရိုပါ လိဂ်ဖလား တစ်ကြိမ်စီ ဆွတ်ခူးရရှိထားတဲ့ကစားသမားတစ်ဦးပဲ ဖြစ်ပါတယ်။