စစ်ဆိုတာ သားတကွဲ ၊ မယားတကွဲနဲ့ ဒုက္ခအဖုံဖုံကို အိတ်တစ်လုံးနဲ့ သွန်ချလိုက်သလို ဒလဟော သယ်ဆောင်လာတဲ့ မကောင်းဆိုးဝါးပါပဲ။ ဒါကြောင့်ပဲ ငြိမ်းချမ်းရေးဆိုတဲ့ စကားကို တွင်တွင်ဆိုပြီး စစ်ကို ဆန့်ကျင်နေကြတာပါ။ စစ်ကို ဆန့်ကျင်ရာမှာ အနုပညာကလည်း အရေးပါတဲ့ အခန်းကဏ္ဍက ပါလာပါတယ်။

၂၀ ရာစုအလယ်က အမေရိကန်ရဲ့ လူထုတေးသံလို့ ခေါ်ရမယ့် Folk Music တွေထဲမှာ အမေရိကရဲ့ လူမှု – နိုင်ငံရေးရာသီအပြောင်းအလဲနဲ့အတူ အနုပညာသည်တွေဟာ စစ်ကို ဆန့်ကျင်တဲ့ လက်ရာတွေ ဖန်တီးသီကုံးလာခဲ့ပါတယ်။ ၁၉၅၀ ပြည်လွန်နှစ်တွေနဲ့ ၆၀ ပြည့်လွန်နှစ်တွေဆိုတာ လူ့အခွင့်အရေးလှုပ်ရှားမှုတွေ ၊ ဗီယက်နမ်စစ်လိုမျိုး အတွေ့အကြုံတွေ စုံလင်ခဲ့တဲ့နှစ်တွေပဲ မဟုတ်လား။

အဲ့ဒီနှစ်တွေမှာ ထွက်ခဲ့တဲ့ စစ်ဆန့်ကျင်ရေးသီချင်းတွေကလည်း ဂန္ဓဝင်သီချင်းတွေ ဖြစ်ခဲ့ပါတယ် နှစ်ပေါင်း ၆၀ ကျော် ၇၀ လောက် ကြာတာတောင် အဲ့ဒီခေတ်စစ်ဆန့်ကျင်ရေး သီချင်းတွေက ဒီနေ့အထိ ပျံ့လွင့်ဆဲ။ စစ်ကြီးဆိုတာကလည်း တစ်နည်းနည်းနဲ့ လူသားတွေကို ပျက်စီးဆုံးရှုံးမှုတွေဖြစ်စေတာပဲ မဟုတ်လား။ ဒီနေ့တော့ ဂန္ဓဝင်မြောက် စစ်ပွဲဆန့်ကျင်ရေးသတင်းစကားပါးတဲ့ သီချင်းများနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

(၁) “Bring Em Home”- Pete Seeger

Source :Pete Seeger

ပီတီ ဆီးဂါးက ဒီသီချင်းကို မူလက စရေးချိန်မှာ ဗီယက်နမ်ရောက်စစ်သားတွေအတွက် သီဆိုခဲ့တာပါ။ “အန်ကယ်ဆန်ကို ချစ်ရင်လေ သူတို့ကို အိမ်ပြန်ခေါ်ခဲ့ပါ… အိမ်ပြန်ခေါ်ခဲ့ပါကွာ..”တဲ့။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ ဆီးဂါးနဲ့ တခြားသူတွေဟာ သီချင်းရဲ့ Tune ကို အီရတ်နဲ့ အာဖဂန်စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ကန်စစ်သားတွေအတွက် ရည်စူးပြီး ပြန်ပြောင်းခဲ့ပါတယ်။ နာမည်ကျော် ရော့ခ်အိုင်ကွန်တစ်ဦးဖြစ်တဲ့ ဘရု့စ်စပရင်းစတင်းက ဆီးဂါးကို ဂုဏ်ပြုသီဆိုတဲ့ ၂၀၀၆ ဗားရှင်းလည်း ထွက်ထားလို့ နားထောင်ကြည့်ဖို့ ပြောချင်ပါတယ်။

(၂) “Draft Dodger Rag” – Phil Ochs

Source : Phil Ochs

စစ်ဆန့်ကျင်ရေး သီချင်းတွေ ရေးသားရာမှာ ထင်ရှားတဲ့ နာမည်ကြီးသီချင်းရေးဆရာနဲ့ အဆိုတော် ဖီးလ်အို့ချ်ရဲ့ အကောင်းဆုံး လက်ရာတစ်ပုဒ်အဖြစ် သတ်မှတ်ခံထားရတဲ့ သီချင်းတစ်ပုဒ်ပါ။ စစ်ကို သရော်လှောင်ပြောင်ပြီး ဆန့်ကျင်တဲ့အနေနဲ့ ရေးထားတာပါ။ စစ်တိုက်ဖို့ တပ်ထဲ အတင်းဆွဲသွင်းခံရတဲ့ လူငယ်လေးတစ်ယောက်အမြင်ကနေ ရေးဖွဲ့ထားတာပါ။ စစ်ထဲ မဝင်ချင်တဲ့ အကြောင်းတွေ ပြောရာမှာ ဟာသတစ်စက် စိတ်မကောင်းစရာ ဝမ်းနည်းနာကျင်စရာတွေ စွက်လို့ ခပ်သောသောလေး ဖွဲ့ဆိုထားတာပါ။ ဗီယက်နမ်စစ်နောက်ခံသီချင်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

(၃) “Give Peace A Chance” – John Lennon

Source : John Lennon

ကမ္ဘာကျော် The Beatles အဆိုကျော် ဂျွန်လင်နွန်ရဲ့ သီချင်းတွေဟာ အမြဲတမ်း တစ်ခုခုကို ရည်ရွယ်နေပြီး အဲ့ဒီတစ်ခုခုကလည်း မျိုးဆက်တစ်ခုအတွက် အဓိပ္ပါယ်တစ်ခုကို ယူဆောင်လာတယ်လို့ ဆိုနိုင်ပါတယ်။ ” ငြိမ်းချမ်းရေးကို အခွင့်အရေးတစ်ခု ပေးလိုက်ပါ” လို့ အဓိပ္ပါယ်ရတဲ့ Give Peace A Chance ကလည်း သူ့ရဲ့ ကျော်ကြားလှတဲ့ စစ်ဆန့်ကျင်ရေး သီချင်းတစ်ပုဒ်ပါပဲ။ ၁၉၆၉ မှာ သူ့ဇနီးသစ် ယိုကို အိုနိုနဲ့အတူ ရှိနေတုန်း ဟိုတယ်ခန်းထဲမှာ တင်မိုသီ လီယာရီ ၊ Canadian Radha Krishna Temple အဖွဲ့ဝင်တွေ နဲ့ တခြားသူတွေရှေ့မှောက်မှာ အသံသွင်းခဲ့တယ်လို့ ဆိုပါတယ်။ ဗီယက်နမ်စစ်အရှိန်မြင့်နေချိန်မှာ ဖြစ်ပါတယ်။ ဒီသီချင်းဟာ အဲ့ဒီနှစ် နွေရာသီငြိမ်းချမ်းရေးလှုပ်ရှားမှုရဲ့ သံပြိုင်သီချင်း ဖြစ်ခဲ့ပါတယ်။

(၄) “People Have The Power” – Patti Smith

Source : Patti Smith

ကျေးလက်အဆိုတော် ပတ်တီစမစ်ရဲ့ “လူထုမှာ စွမ်းအားရှိတယ်” ဆိုတဲ့ သီချင်းဟာ စစ်ဆန့်ကျင်ရေးသီချင်းတွေထဲက အကောင်းဆုံးသီချင်းစာရင်းမှာ ဖော်ပြခံရတဲ့သီချင်းပါ။ သူမရဲ့ ဂန္ဓဝင်သီချင်းကောင်းတစ်ပုဒ်လို့လည်း ပြောနိုင်ပါတယ်။ ၁၉၈၈ မှာ အသံသွင်းခဲ့ပြီး သီချင်းအဆုံးမှာ “ငါတို့ အိပ်မက်သမျှအရာရာ ညီညွတ်မှုနဲ့ ကျော်ဖြတ်နိုင်တယ်”ဆိုပြီး စစ်ဆိုတဲ့ စကားမပါပေမယ့် စစ်မဲ့ကမ္ဘာကို ရည်ညွှန်းပြီး ဆိုသွားခဲ့ပါတယ်။

(၅) “Lyndon Johnson Told The Nation” – Tom Paxton

Source : Tom Paxton

တွမ်ပက်ချ်တန်ဟာ စစ်ကို ပြောင်မြောက်ပေါ်လွင်စွာ ဆန့်ကျင်ခဲ့တဲ့ သီချင်းတစ်ပုဒ်ကို ရေးခဲ့ပါတယ်။ လင်ဒန်ဂျွန်ဆင်က နိုင်ငံကို ပြောလိုက်တယ်ဆိုတဲ့ သီချင်းပါ။ ဗီယက်နမ်စစ်ထဲ ဆွဲသွင်းလိုက်တဲ့အကြောင်းပါ။ သီချင်းထဲမှာပါတဲ့ စစ်အင်အားတိုးချဲ့တာ ၊ အဆုံးမဲ့စစ်အတွက် တိုက်ခိုက်တာ ၊ ငြိမ်းချမ်းရေး ရဖို့ အင်အားသုံးတာ စတာတွေက ဒီနေ့အထိ မှန်ကန်တဲ့စကားလုံးတွေပါပဲ။

Featured Photo: The Wire