ကမ္ဘာပေါ်တွင် ကော့တေးဖျော်ပုံဖျော်နည်း အမျိုးအစားအမျိုးမျိုးရှိတဲ့အနက် မဖြစ်မနေ မြည်းစမ်းကြည့်သင့်တဲ့ ကော့တေးအမျိုးအစား (၅) မျိုးရှိပါတယ်။ ထိုအမျိုးအစားများကတော့ Martini ၊ Manhattan ၊ Old-Fashioned ၊ Daiquiri နဲ့ Jack Rose တို့ပဲ ဖြစ်ပါတယ်။
သင့်အနေနဲ့ ထိုအမျိုးအစား (၅) မျိုးစလုံးကို မြည်းစမ်းကြည့်ဖူးချင်တယ်ဆိုရင်လည်း မိမိကိုယ်တိုင် အိမ်မှာအလွယ်တကူဖော်စပ်ကာ သောက်သုံးနိုင်ဖို့ရန်အတွက် ဝေမျှပေးလိုက်ပါတယ်။ ဒီကော့တေးများသည် Classic ဆန်တဲ့အတွက်ကြောင့် အမျိုးသားတိုင်း မြည်းစမ်းကြည့်သင့်တဲ့ကော့တေးတွေပဲဖြစ်ပါတယ်။
Dry Martini
ပါဝင်ပစ္စည်းများကတော့ ဂျင်မ် စားပွဲတင်ဇွန်း ၅ ဇွန်း၊ Dry Vermouth ခေါ် ဝိုင်တစ်မျိုး စားပွဲတင်ဇွန်း ၁ ဇွန်း၊ သံပုယိုခွံ အနည်းငယ်တို့ လိုအပ်ပါလိမ့်မယ်။ ဖန်ခွက်တစ်လုံးတွင် ဂျင်မ်၊ Vermouth နှင့် ရေခဲတုံးတို့ကို ထည့်ကာ စက္ကန့် ၃၀ ခန့် မွှေဖျော်ပေးလိုက်ပါ။ ထို့နောက် ကော့တေးဖန်ခွက်ထဲ ပြောင်းထည့်လိုက်ပါ။ ထို့နောက် သံပုယိုခွံများဖြင့် အလှဆင်လိုက်ပါ။
Manhattan
Manhattan ဖော်စပ်ဖို့ရန်အတွက် ဝီစကီ စားပွဲတင်ဇွန်း ၄ ဇွန်း၊ Sweet Vermouth စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် အလှဆင်ဖို့ရန်အတွက် ချယ်ရီသီးတို့ လိုအပ်ပါလိမ့်မယ်။ ဖန်ခွက်အကြီးတစ်လုံးတွင် ဝီစကီ၊ Sweet Vermouth နှင့် ရေခဲတုံးတို့ကို ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။
ထို့နောက် ကော့တေးဖန်ခွက်ထဲသို့ ရေခဲတုံးမပါစေဘဲ ပြောင်းထည့်ပေးလိုက်ပါ။ ချယ်ရီသီးနဲ့ အလှဆင်ကာ အရသာရှိရှိ မြည်းစမ်းကြည့်နိုင်ပါပြီ။
Old-Fashioned
ဒီကော့တေးဖျော်စပ်ဖို့ရန်အတွက် သကြားခဲ ၁ ခဲ (သို့) သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ဝီစကီ စားပွဲတင်ဇွန်း ၄ ဇွန်း၊ အလှဆင်ရန်အတွက် ရှောက်ချိုသီးခွံ အနည်းငယ်နှင့် ချယ်ရီသီးအနည်းငယ်တို့ လိုအပ်ပါလိမ့်မယ်။
သကြား၊ ဝီစကီနှင့် ရေခဲတုံးအကြီးတစ်တုံးတို့ကို ဖန်ခွက်တစ်လုံးထဲထည့်ကာ သမအောင်ရောမွှေပါ။ ထို့နောက် ရှောက်ချိုသီးခွံ၊ ချယ်ရီသီးတို့ထည့်ကာ အလှဆင်ပေးလိုက်ပါ။
Daiquiri
ရမ်အပျော့စား စားပွဲတင်ဇွန်း ၂ ဇွန်းခွဲ၊ သံပုရာရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ၊ Syrup ရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲတို့ လိုအပ်ပါလိမ့်မယ်။ ကော့တေးဖျော်ခွက်ထဲသို့ ရေခဲတုံးနှင့် ပါဝင်ပစ္စည်းများအာလုံးကို ပေါင်းထည့်ကာ အဖုံးပိတ်ပြီး သမအောင် လှုပ်ခါပေးလိုက်ပါ။
ထို့နောက် ရရှိလာတဲ့ဖျော်ရည်ကို ကော့တေးဖန်ခွက်ထဲထည့်ကာ အရသာရှိရှိ သောက်သုံးမြည်းစမ်းနိုင်ပါပြီ။
Jack Rose
Applejack ခေါ် ပန်းသီးအရက် စားပွဲတင်ဇွန်း ၅ ဇွန်း၊ သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ၊ Grenadine ခေါ် အယ်လ်ကိုဟောမပါသော အနီရင့်ရောင် Syrup တစ်မျိုး စားပွဲတင်ဇွန်း ၁ ဇွန်း၊ အလှဆင်ရန် သံပုယိုခွံအနည်းငယ်တို့ လိုအပ်ပါလိမ့်မယ်။
ကော့တေးဖျော်ခွက်ထဲသို့ ရေခဲတုံး၊ ပန်းသီးအရက်၊ သံပုယိုရည်နှင့် Grenadine တို့ထည့်ကာ အဖုံးပိတ်ပြီး သမအောင် လှုပ်ခါပေးလိုက်ပါ။ ထို့နောက် ကော့တေးဖန်ခွက်ထဲထည့်ကာ သံပုယိုခွံများထည့်ပြီး အရသာရှိရှိ မြည်းစမ်းကြည့်နိုင်ပါတယ်။
Source: Thespruceeats.com
Featured Image: Thespruceeats.com