ယောင်္ကျားတစ်ယောက်နဲ့ အလိုက်ဖက်ဆုံး အဝတ်အစားဒီဇိုင်းရယ်လို့ သီးသန့်မရှိပါဘူး။ ကိုယ်ဝတ်လိုက်တဲ့ အဝတ်အစားကြောင့် ကိုယ့်မှာ ယုံကြည်မှုတိုးပြီး Confident တက်လာတယ်ဆိုရင် အဲ့ဒီဖက်ရှင်ဟာ ကိုယ်နဲ့ အဆင်ပြေဆုံးလို့ ပြောနိုင်ပါတယ်။ ဖက်ရှင်နဲ့ဆိုင်တဲ့ လှည့်ကွက် Tricks လေးတွေ သိထားရင်တော့ ကိုယ်နဲ့ ပိုလိုက်ဖက်တဲ့ အဝတ်အစားကို ပိုနီးနီးစပ်စပ် ရွေးချယ်နိုင်ပါလိမ့်မယ်။
(၁) အရောင်ရင့် Darker Colors တွေ ဝတ်ပါ
Photo: theessentialman
ဘာရောင်ဝတ်ရမလဲ မသိရင် အရောင်ရင့်ရင့် ရွေးပါ။ Shirt ပဲ ဝတ်ဝတ် ဘာပဲဝတ်ဝတ် ဘယ်အရောင် ဝတ်သွားရမလဲ မသိသူတွေအဖို့ အရောင်ရင့်ရင့် ရွေးဝတ်တာက အကောင်းဆုံးပါပဲ။ ဥပမာ- အရောင်အရင့်တွေထဲမှာ နက်ပြာရင့်မှိုင်း Shades တွေက လူကို ပိုပြီး ပိန်သွယ်သယောင် ထင်စေတာကြောင့် ဘော်ဒီနည်းနည်း ဖိုင့်တဲ့သူတွေနဲ့ အထူးသင့်လျော်ပါတယ်။ Darker Colors တွေရဲ့ နောက်ထပ်အားသာချက်တစ်ခုက တစ်ခြားအရောင်တွေ ၊ စတိုင်တွေနဲ့လည်း တွဲဖက်လို့ သိပ်လွယ်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် Navy Black ဘောင်းဘီနဲ့ Dark Grey Shirt တွဲဝတ်ရင်လည်း ကြည့်ကောင်းတာပဲ ဖြစ်ပါတယ်။
(၂) Shirts Stays တွေ သုံးပါ
Photo: irreverentgent
Shirt အင်္ကျီဝတ်ရင် ဘောင်းဘီအပြင်ဘက် ပွပွကြီး ထွက်မနေအောင် သိုင်းထားတဲ့ Shirt Stays ကြိုးကလည်း ဖက်ရှင် Tricks တွေထဲက တစ်ခုပါပဲ။ Shirt Stay တွေက ရှပ်အင်္ကျီအနားစတွေနဲ့ ကြယ်သီးပေါက်တွေ သပ်သပ်ရပ်ရပ်နဲ့ ကြည့်လို့ကောင်းအောင် ထိန်းပေးထားတာ ဖြစ်ပါတယ်။ ဒီ Shirt Stays တွေက ဈေးသက်သာပြီး သုံးရလွယ်ပါတယ်။ အရေးကြီးတာက ဘာမှ စဉ်းစားစရာမလိုဘဲ အဝတ်အစားတွေ Fit ဖြစ်မနေတာကို ဖြေရှင်းနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ရုံးဝတ်စုံလိုမျိုး Suit နဲ့ Shirt ဖက်ရှင်တွေမှာ Formal ကျကျ ဝတ်ရတဲ့အခါ အသုံးတည့်မယ့် Fashion Trick တစ်ခုပါ။
(၃) နေကာမျက်မှန် တပ်ပါ
Photo: Pexels
လူအတော်များများက အမှတ်တရဓါတ်ပုံရိုက်တဲ့အခါမှာပဲ ကြည့်ကောင်းအောင် Sunglasses တပ်ကြလေ့ရှိပါတယ်။ တကယ်လည်း နေကာမျက်မှန်တပ်ထားတဲ့ မျက်နှာဟာ အချိုးအဆစ်ကျပြီး ကင်မရာရုပ်ထွက် စားသွားတာ ဖြစ်ပါတယ်။ လေ့လာမှုတွေအရလည်း နေကာမျက်မှန်တပ်ခြင်းဟာ မျက်နှာ ဘယ်ခြမ်း ၊ ညာခြမ်းတွေကို အချိုးကျသွားစေတယ်လို့ ဆိုပါတယ်။ ဆွဲဆောင်မှုအရှိဆုံး မျက်နှာဟာ အချိုးအကျဆုံး မျက်နှာပဲ ဖြစ်ပါတယ်။ ဒီတော့ ကြည့်ကောင်းချင်ရင် နေကာမျက်မှန်တပ်ဖို့ ပြောချင်ပါတယ်။
(၄) အရည်အသွေးနိမ့်တဲ့ Shirt မှန်း ခွဲခြားတတ်ပါစေ
Photo: nextluxury
Low-End Shirt မှန်းသိအောင် ခွဲတတ်ခြင်းကလည်း အရည်အသွေးကောင်းတဲ့ Shirt တစ်ထည် ဝယ်ဖြစ်ဖို့ နည်းလမ်းရလိုက်တာနဲ့ အတူတူပါပဲ။ Shirt တစ်ထည်ဝယ်ရင် ချုပ်သား အပ်လိုင်းဘယ်လို ပြေးသလဲ ကြည့်လိုက်ပါ။ အရည်အသွေးမြင့် Dress Shirt တစ်ထည်ဟာ လက်ပတ်နဲ့ ကော်လာနေရာတစ်ဝိုက်မှာ တစ်လက်မ ချုပ်ချက်အပ်ပေါက် အနည်းဆုံး ၁၈ ချက် ရှိဖို့ လိုပါတယ်။ အပ်ချည်လိုင်နာကို ကြည့်လိုက်တာနဲ့ ရှင်းရှင်းသန့်သန့် ဖြစ်နေပြီး ချည်ပေါက်မှန်နေရပါမယ်။ ချည်သားကလည်း နူးညံ့ပြီး ကိုင်ကြည့်လိုက်တာနဲ့ လက်ရဲ့ ခံစားချက်က သက်တောင့်သက်သာဖြစ်နေရပါမယ်။ နောက်ဆုံးအချက်ကတော့ ကိုယ်နဲ့ ဆိုဒ်ကိုက်ပြီး Fitting ကျဖို့ ဖြစ်ပါတယ်။
(၅) သပ်ရပ်တဲ့ ဒီဇိုင်းမျိုး ရွေးပါ
Photo: hayleycooper
ရိုးရှင်းသန့်ပြန့်တဲ့ ဖက်ရှင်ဒီဇိုင်းတွေ ဝတ်တာ ဘယ်တော့မှ မမှားပါဘူး။ Stylish ဖြစ်တယ် ဆိုတဲ့ ဖက်ရှင်တွေကို ကြည့်လိုက်ရင် အစင်းအကွက်တွေနဲ့ ရှုပ်ထွေးမနေဘဲ အရောင်တွေ ရဲတောက်မနေတဲ့ ဒီဇိုင်းတွေဆိုတာ တွေ့ရပါလိမ့်မယ်။ ဖက်ရှင်နဲ့ စတိုင်အကြောင်း လေ့လာဖို့ အကောင်းဆုံးနည်းလမ်းက ရိုးရှင်းသန့်စင်မှုကို အခြေခံတဲ့ ဒီဇိုင်းကို ရွေးချယ်ဖို့ ဖြစ်ပါတယ်။ အဖြူသန့်သန့် ဒါမှမဟုတ် အနက်ရောင် Sneaker နဲ့ ခေတ်မီရိုးရှင်းတဲ့ နေကာမျက်မှန်လိုမျိုး အခြေခံကျပြီး ရိုးရှင်းတဲ့ဖက်ရှင်မျိုး ဖြစ်ပါတယ်။