ကော်ဖီသောက်ရင် အလုပ်ပိုလုပ်နိုင်တယ်။ တက်ကြွရွှင်လန်းပြီး ဖန်တီးဉာဏ်ထက်သန်တယ်လို့ ထင်ကြပါလိမ့်မယ်။ တကယ်တော့ နေ့စဉ်ကော်ဖီသောက်တဲ့ အကျင့်ဟာ ကိုယ့်ရဲ့ အလုပ်လုပ်နိုင်စွမ်းပေါ် ဆိုးရွားတဲ့ သက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။

Emotional Intelligence စမ်းသပ်မှုနဲ့ လေ့ကျင့်ရေးကုမ္ပဏီ TalentSmart ပူးတွဲတည်ထောင်သူ ထရာဗစ်ဘရက်ဘာရီက ကဖိန်းဓါတ်ကို အောင်မြင်မှုရဲ့ အသံတိတ်လူသတ်သမား “The Silent Killer of Success “လို့ ကင်ပွန်းတပ်ထားပါတယ်။ ဘရက်ဘာရီဟာ ဂျွန်ဟော့ပ်ကင်းစ်ဆေးကျောင်းက သုတေသနကို ကိုးကားဖော်ပြထားတာပါ။

Photo: Freepik

ကဖိန်းပါတဲ့ ကော်ဖီတစ်ခွက်ကို သောက်ပြီးရင် စွမ်းအင်တွေ ပိုကောင်းလာပြီး ခေါင်းကြည်တယ်ဆိုတာဟာ ကဖိန်းဓါတ် ဆုတ်သွားတဲ့လက္ခဏာ ယာယီပြောင်းပြန်သက်ရောက်မှုရဲ့ ရလဒ်လို့ ဆိုပါတယ်။ တစ်နည်းအားဖြင့် ကော်ဖီသောက်ပြီးနောက် ဖြစ်လာတဲ့ ဒီယာယီအခြေအနေဟာ ကဖိန်းဓါတ်နဲ့ မရင်းနှီးသူတွေ ကြုံသလိုမျိုးပါ။

ကွာခြားတဲ့အချက်က ကော်ဖီသောက်နေကျလူတွေဟာ ဒီလိုခံစားမှုမျိုး ကြာကြာမခံရပါဘူး။ ကဖိန်းဓါတ်ဟာ အက်ဒရီနယ်လိုင်း ထုတ်မှုကို ပိုများစေလို့ စိတ်မြန်လက်မြန်တုံ့ပြန်မှုတွေ ပိုဖြစ်စေနိုင်ပါတယ်။ ကဖိန်းဓါတ်က ကိုယ်တွင်းစနစ်မှာ ရောက်သွားရင် ပြန်ထွက်ဖို့ အချိန်အကြာကြီး ယူရပါတယ်။

မနက် ၈ နာရီမှာ ကော်ဖီတစ်ခွက် သောက်လိုက်မယ်ဆိုရင် ည ၈ နာရီအထိ ကိုယ်တွင်းထဲမှာ ကဖိန်းဓါတ်ရဲ့ ၂၅%က ကျန်နေတုန်းပဲလို့ ဆိုပါတယ်။ ကိုယ်တွင်းထဲမှာ ကျန်နေတဲ့ ကဖိန်းဓါတ်ဟာ အိပ်စက်ပြီး ကိုယ်ခန္ဓာကိုယ်အားမွေးစေတဲ့ REM အိပ်စက်မှုအဆင့်ကို နှောင့်ယှက်ပါတယ်။ ဒါကြောင့် အိပ်ရေးပျက်ပြီး ကိုယ်ခန္ဓာလန်းဆန်းမှုကို ထိခိုက်စေနိုင်ပါတယ်။

Photo: Freepik

အကျိုးဆက်က ပင်ပန်းနွမ်းနယ်နေပြီး စိတ်ခံစားမှုပါ ထိခိုက်လာတာပါပဲ။ နားတွေ အူလာမယ် ၊ ခေါင်းကိုက်ပြီး စိတ်ရှုပ်ထွေးလာမယ် ၊ အိပ်ရေးပျက်ပြီး ကြွက်သားတွေ တင်းပြီး တဆတ်ဆတ် တုန်လာမယ် ၊ အရေပြားနာကျင်လာမယ်။ နှလုံးခုန်နှုန်းတွေ မြန်ပြီး စည်းချက်မညီ ဖြစ်လာမယ်။ ပင်ပန်းမှု သက်သာမလားဆိုပြီး ကော်ဖီထပ်သောက်တော့ ကော်ဖီကြောင့် ခဏသက်သာသွားပေမယ့် ရေရှည်မှာ ဆက်ပြီး စွမ်းဆောင်ရည်ထိခိုက်လာတာနဲ့ သံသရာလည်နိုင်ပါတယ်။

ကော်ဖီကြောင့် ကျန်းမာရေးကောင်းကျိုးတွေ မရဘူးလားဆိုရင် ရပါတယ်။ ဥပမာ Type 2 Diabetes ဆီးချိုမျိုး အဖြစ်နည်းစေတာမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ ကော်ဖီအစား တခြားဆီးချိုအဖြစ်နည်းစေတဲ့ သောက်စရာတွလည်း ရှိတာပါပဲ။ ပမာဏနည်းနည်းနဲ့ အကြိမ်ရေ နည်းနည်းလောက် သောက်တာက စိတ်အချရဆုံးဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။