နည်းပညာသစ်တွေ ထွန်းကားလာမှုနဲ့ မြင့်တက်လာတဲ့ အလုပ်အကိုင်သစ်ရဲ့တောင်းဆိုချက်အရ တက္ကသိုလ်ပညာရေးဟာ လက်တွေ့ကျတဲ့ လုပ်ငန်းခွင်ကို ဦးတည်ဖို့ လိုအပ်လာပါတယ်။ “၂၀၂၀ ခုနှစ်မှာ ပေါ်ပေါက်လာတဲ့ အလုပ်အကိုင်များ” ဆိုတဲ့ LinkedIn ရဲ့ အစီရင်ခံစာမှာ လစာအကောင်းဆုံး အလုပ်အကိုင်သစ်တွေအကြောင်း ဖော်ပြထားပြီး Artificial Intelligence နယ်ပယ်ဟာ ပျမ်းမျှလစာအကောင်းဆုံး လုပ်အကိုင်တစ်ခု ဖြစ်တယ်လို့ဆိုပါတယ်။

နိုင်ငံတကာ ကျောင်းတွေမှာလည်း အနာဂါတ်မှာ ခေတ်စားလာမယ့် အလုပ်အကိုင်တွေအတွက် အသင့်ဖြစ်စေမယ့် ဘာသာရပ်တွေ သင်ကြားပေးနေကြပြီး ထူးချွန်ထက်မြက်တဲ့ ကျောင်းသားတွေ မွေးထုတ်နေကြပါတယ်။ နောက်ပိုင်းမှာ လစာမြင့်မားပြီး လုပ်ငန်းလိုအပ်ချက်မြင့်မားလာမယ့် ဘာသာရပ်တစ်ချို့နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

(၁) Robotics

Photo: internetofbusiness

စက်ရုပ်နည်းပညာပိုင်းဟာ ဒီနေ့ခေတ်ရဲ့ တိုးတက်ဖွံ့ဖြိုးမှုအမြန်ဆုံး ကဏ္ဍတွေထဲမှာ ပါဝင်လာပါတယ်။ ဒါကြောင့်ပဲ Virtual နဲ့ စက်မှုနည်းပညာသုံး စက်ရုပ်ဖန်တီးတဲ့ အင်ဂျင်နီယာတွေဟာ လစာမြင့်မားကြတာ ဖြစ်ပါတယ်။ Robotics အင်ဂျင်နီယာတစ်ဦးရဲ့ ပျမ်းမျှနှစ်စဉ်လုပ်ခလစာဟာ ဒေါ်လာ ၈ သောင်းခွဲခန့် ရှိပါတယ်။

(၂) Applied Data Science

Photo: medium

အသုံးချအချက်အလက်သိပ္ပံကျွမ်းကျင်သူတွေကို လိုအပ်ချက်ဟာ နှစ်အလိုက် ၃၇% မြင့်တက်လာနေပါတယ်။ ပျမ်းမျှ နှစ်စဉ်လုပ်ခလစာဟာ ဒေါ်လာ ၁၄၃၀၀၀ ရှိပါတယ်။ မစ်ရှီဂန်သတင်းအချက်အလက်တက္ကသိုလ်လို တက္ကသိုလ်ကြီးတွေမှာ အချက်အလက်သိပ္ပံဘာသာရပ်ကို သင်ကြားပေးနေပါတယ်။

(၃) Full-Stack Web Development

Photo: Crazy Egg

Client နဲ့ ဆာဗာဆော့ဖ်ဝဲလ်တွေ ရေးဆွဲတဲ့ Full-Stack Web Developer အလုပ်အကိုင်ဟာ ပျမ်းမျှ နှစ်အလိုက် လုပ်ခလစာ ဒေါ်လာ ၈၂၀၀၀ ရှိပြီး လုပ်ငန်းလိုအပ်ချက်ကလည်း နှစ်စဉ် ၃၅% တက်လာနေပါတယ်။ နိုင်ငံတကာ ကွန်ပျူတာနဲ့ နည်းပညာတက္ကသိုလ်တွေမှာလည်း Web Development ပိုင်းအတွက် သီးသန့်ဘာသာရပ်တွေ ပို့ချနေပါတယ်။

(၄) Customer Success Management

Photo: avolin

ဖောက်သည်ဝန်ဆောင်မှုပိုင်းဟာ အမြဲတမ်း ဆန်းသစ်မှုသစ်တွေနဲ့ လိုအပ်ချက်တွေ မြင့်တက်နေတဲ့ နယ်ပယ်ဖြစ်ပါတယ်။ ကော်ပိုရေးရှင်းကြီးတွေ နဲ့ လုပ်ငန်းအသီးသီးဟာ ဖောက်သည်တွေကို အကောင်းဆုံးစိတ်ကျေနပ်မှုပေးဖို့အတွက် ဒေါ်လာသိန်းသန်းချီ သုံးစွဲနေတာပါ။ Customer Success Manager တစ်ယောက်ရဲ့ လုပ်ခလစာဟာ ပျမ်းမျှအားဖြင့် နှစ်စဉ် ဒေါ်လာ ၉ သောင်းခန့် ရှိတယ်လို့ ဆိုပါတယ်။

(၅) Cybersecurity Specialist

Photo: medium

Cybersecurity Specialist လိုအပ်ချက်ဟာ တစ်နှစ်ကို ၃၀% မြင့်တက်လာနေတယ်လို့ ဆိုပါတယ်။ ပျမ်းမျှ တစ်နှစ်လုပ်ခလစာဟာ ဒေါ်လာ ၁၀၃၀၀၀ ရှိပြီး ဒီဘာသာရပ်ကလည်း အနာဂါတ်မှာ ခေတ်စားလာမယ့် ဘာသာရပ်တစ်ခု ဖြစ်ပါတယ်။